Friday, April 3, 2015

နမ့်ခမ်းမြို့နယ်အတွင်း နှစ်နိုင်ငံအငြင်းပွားနယ်မြေတွင် တရုတ်ဘက်မှ တံတားဆောက်ရန် တိုင်းတာမှုများ ပြုလုပ်သဖြင့် ဒေသခံရွာသားများ ကန့်ကွက်


စိုင်းထွန်းအောင်လွင်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းရှိ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပိုင်နက်အငြင်းပွား နယ်မြေအတွင်း တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်အတွက်ဟုဆိုကာ လာရောက်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ပြီး တရုတ်နိုင်ငံအလံများ စိုက်ထူခဲ့သဖြင့် ဒေသခံ ရှမ်းတိုင်းရင်းသား ကျေးရွာများမှ စုပေါင်းကန့်ကွက် ခဲ့ကြကြောင်း နမ့်ခမ်းဒေသခံများက ဖလားဝါးနယူးစ်သို့ ပြောသည်။

‘ဒီကနေ့ မနက်ပိုင်းမှာ တရုတ်ဘက်က ၀င်လာတာလေ ဒေသခံ ရှမ်းတွေကလည်း သူတို့လယ်တွေ ဖြစ်နေတော့ ထွက်ပြီး ကန့်ကွက်ကြတယ် တိုက်ခိုက်တာတွေတော့ မရှိဘူး အလံတွေကို နှုတ်ပစ်တာတွေတော့ ရှိတယ်။ အခုညနေပိုင်းမှာတော့ တရုတ်ဘက်ကလည်း ပြန်သွားပါပြီ ‘ ဟု နမ့်ခမ်းမြို့နယ် မြို့အထောက်ကူပြုအဖွဲ့မှ အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်းက ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖလားဝါးနယူးစ်သို့ ပြောသည်။


နမ့်ခမ်းမြို့နယ်အတွင်း စင်ဟိုင်းကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူအချို့သည် စစ်တပ်အပါဝင် လုံခြုံရေးအချို့ကို ခေါ်ဆောင်လာပြီး ရွှေလီမြစ် မြန်မာဘက်ကမ်း ( နမ့်ခမ်းမြို့နယ်) အထိ လာရောက် မြေတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံအလံများပါ စိုက်ထူခဲ့သဖြင့် ဒေသခံ ရှမ်းတိုင်းရင်းသား ကျေးရွာများဖြစ်သည့် စင်ဟိုင်း ၊ ကုန်းဆာ ၊မန့်နောင်အစရှိသည့် ကျေးရွာများ ဒေသခံများသည် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာများသည် ရွှေလီမြစ်ဝှမ်းတွင် တည်ရှိနေသည် မှာ နှစ်ပေါင်းရာနှင့်ချီခဲ့ပြီ ဖြစ်ပြီး ယမန်နှစ် နှစ်နိုင်ငံ ပူးတွဲမြေတိုင်းအဖွဲ့များ လာရောက်တိုင်းတာခဲ့ပြီးအချိန်မှစ၍ မြေယာ အငြင်းပွားမှု များ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် တိုင်းတာမှုများအပြီးတွင် မြန်မာဘက်မှ ဒေသခံများ၏ လယ်မြေဧက ၁၅၀ခန့်မှာ တရုတ်ဘက်ပိုင်အဖြစ် သတ်မှတ်မှုများရှိခဲ့သဖြင့် တရုတ်ဘက်မှ စိုက်ထူခဲ့သည့် နယ်ခြားမှတ်တိုင်များကို ဒေသခံများက ဖျက်ဆီးပစ်ခဲ့ပြီး ဆန့်ကျင်ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့သည်။
ယင်းနောက်ပိုင်းအစိုးရဘက်မှ ကြေငြာချက် တရပ်ထုတ်ပြန် ခဲ့ပြီး ပြန်လည်တိုင်းတာမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှလည်း ယမန်နှစ်က လာရောက်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် လယ်သမားများအား ဆက်လက်စိုက်ပျိုးခွင့်များ ပေးခဲ့သဖြင့် ဒေသခံများမှာ ယခုအချိန်ထိ ဆက်လက်စိုက်ပျိုးနေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

‘ ကျန်တော်သိရသလောက်အဲဒီကိစ္စက ရွှေလီမြစ်ကြောင်းပြောင်းသွားလို့ဗျ မြန်မာဘက်ကလည်း မမှားဘူး။ ဟိုဘက်ကလည်း မမှားဘူး.။ နယ်ခြားကို မြစ်နဲ့ သတ်မှတ်ခဲ့တာကိုး နှစ်နိုင်ငံတာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ ‘ နယ်မြေအငြင်းပွားမှု ပြသနာနှင့် ပတ်သက်ပြီး ဖလားဝါးနယူးစ်၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်.။

လွတ်လပ်ရေးရပြီးစကာလမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တရုတ်နိုင်ငံနှင့် နယ်နမိတ်အငြင်းပွား မှု ပြသနာများရှိခဲ့သဖြင့် ဒေသခံများမှာ နယ်မြေဆုံးရှုံးမှုများ နှင့် ဆွေမျိုးတော်စပ် ပါလျက် နိုင်ငံချင်းခြားသွားခဲ့မှု များ ခေတ် အဆက်ဆက် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

Yangon Media Group 

No comments:

Post a Comment