Tuesday, April 28, 2015

လောက်ကိုင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေးရန် တပ်မတော်ပေါ် မူတည်

28.4.2015

တပ်မတော် အုပ်ချုပ်နေသည့် လောက်ကိုင်ဒေသအား ရက်ပေါင်း ကိုးဆယ်ပြည့်ပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေးရန်မှာ တပ်မတော် ပေါ် တွင်သာ မူတည်နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Messenger Media သို့ ပြောသည်။ ပြီးခဲ့သည့် မတ်လ အတွင်း က လောက်ကိုင် ဒေသ တည်ငြိမ်မှု မရှိ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ မြန်မာ့ တပ်မတော်သို့ လွှဲပြောင်းကာ အုပ်ချုပ်ခွင့်ပေး ခဲ့ပြီး၊ လက်ရှိတွင် အချိန် နှစ်လနီးပါးခန့် ရှိလာပြီ ဖြစ်သည်။


တပ်မတော်ကို လွှဲပြောင်းပေး ထားတဲ့ အတွက် ဆက်ပြီး အုပ်ချုပ်မလား၊ လွှဲပြောင်းပေးမလား ဆိုတာ တပ်မတော် အပေါ်မှာ မူတည် ပါတယ် ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးက ဆိုသည်။ လက်ရှိတွင် လောက်ကိုင်မြို့ထဲ၌ ငြိမ်းချမ်းမှုရှိ လာသော်လည်း ကျေးရွာ အနီးရှိ တောင်ကုန်းများ ပေါ်တွင် မြန်မာ့ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မြန်မာ့ တပ်မတော်၏ ထုတ်ပြန်ချက် အရ သိရသည်။

ဖွဲ့စည်းပုံအရ ကြည့်မယ် ဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ပေးရမှာပဲ။ နယ်မြေ တည်ငြိမ်မှု ရှိလာရင်တော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေး သင့်တယ် ဟု လောက်ကိုင် ဒေသ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျောက်နီနိုင်က ပြောသည်။

ယခုအခါ ကိုးကန့် သောင်းကျန်းသူများ အခြေပြု ထားသည့် ပွိုင့်(၂၂၀၂) တောင်ကုန်း အား တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပြီး၊ ထိုသို့ တိုက်ခိုက်ရာ တွင်လည်း တစ်ဖက်နိုင်ငံ အတွင်းသို့ ကျည်များ ကျရောက် ပေါက်ကွဲမှု မရှိစေရေး အတွက် စစ်ဆင်ရေးမှာ ခက်ခဲစွာ ဆောင်ရွက်နေရ ကြောင်း မြန်မာ့ တပ်မတော်၏ ထုတ်ပြန်ချက်မှ သိရသည်။

လာက်ကိုင်ဒေသတွင် ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်၍ ဖုန်ကြားရှင်၏ ကိုးကန့် တိမ်းရှောင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ရက်စွဲဖြင့် လောက်ကိုင်ဒေသအား စစ်အုပ်ချုပ်ရေး အမိန့်အမှတ် (၁/ ၂၀၁၅) ကို ထုတ်ပြန် ထားသည်။

Messenger News Journal

No comments:

Post a Comment