Thursday, April 23, 2015

ပြည်ပဈေးကွက်ရရှိနိုင်ရေး သယ်ယူခွင့်လိုင်စင် လိုအပ်လာဟု ပန်းပုလုပ်ငန်းရှင်တို့ဆို

ရွှေဝါလွင်-မန္တလေး(မြစ်မခ)

မြန်မာ့ပန်းပုရုပ်များ ပြည်ပနိုင်ငံများမှ စိတ်ဝင်စားမှုမြင့်နေသော်လည်း ပြည်ပမှဝယ်ယူသူများအနေဖြင့် သယ်ဆောင်ခွင့် လိုင်စင်မရှိသဖြင့် ပန်းပုဈေးကွက်အတွက် အခက်အခဲဖြစ်နေကြောင်း မန္တလေးမြို့မှ ပန်းပုထုလုပ်ရောင်းချသူများထံမှ သိရှိရသည်။

မြန်မာ့ပန်းပုလောကတွင် စိတ်ကူးပုံဖော်ခွင့်အနုပညာနှင့်  သဘာဝပေါင်းစပ်ထုလုပ်ထားသောကြောင့် ပန်းပုအဆင့်          အတန်းမြင့်မားလာသည်နှင့်အမျှ ပြည်ပ၀ယ်လက်များ စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ပန်းပုထုလုပ်ရောင်းချသူများထံမှ သိရသည်။

“ ဒီနေ့ခေတ်မှာက ပန်းပုပညာကို အရင်လက်ရာနဲ့မတူဘဲ ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ ထုလုပ် လာ ကြတယ်။ တီတွင်ထားတဲ့ ပန်းပုတွေကလည်း ဈေးကွက်ကောင်းတယ်။ ထုတ်လုပ်သူရဲ့ အရည်အချင်း ကိုလည်း တိုးတက်စေတယ်။ ခက်နေတာက သယ်ယူရတာပဲ။ လွယ်လင့်တကူ သယ်ဆောင်ခွင့် လိုင်စင် ရမယ်ဆိုရင် ကျွန်တော်တို့ပန်းပုပညာဟာ ကျယ်ပြန့်လာပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် နိုင်မှာပါ” ဟု သိန်းသန်းအောင် ပန်းပုလုပ်ငန်းမှ ဦးစိုးမြင့်ကပြောသည်။

မြန်မာပန်းပုလက်ရာများကို တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့ရောင်းချလျှက်ရှိပြီး ဈေးကွက်အတွင်း ပြည်တွင်း ၀ယ်လိုအားထက် ပြည်ပ၀ယ်လိုအားမှာ ပိုမိုများပြားကြောင်း  ၎င်းက ဆိုသည်။

“ ပြည်တွင်းကတော့ အ၀ယ်နည်းတယ်။ ဒါပေမယ့် ဟိုတယ်တွေက အော်ဒါမှာတာတွေတော့ ရှိပါတယ်။ နိုင်ငံခြားသားတွေကတော့ ကြိုက်ရင် တစ်ခါတည်းဝယ်သွားတယ်။ ဒါပေမဲ့ သိပ်ကြီးကြီး မားမားတော့ မ၀ယ် ဘူး။ ၀ယ်မယ်ဆိုရင်လည်း သယ်ရတာလည်း မလွယ်ဘူး။ ဈေးနှုန်းကလည်း လက်ရာပေါ်မူတည်ပြီး ကြိုက် ရောင်း၊ ကြိုက်ဝယ်ပဲ။ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံလေးတွေပေါ့” ဟု အမည် မဖော်လိုသူ ပန်းပုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိ ပန်းပုလုပ်ငန်းများတွင် လုပ်ငန်းလိုင်စင်ရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အလွယ် တကူသယ် ဆောင်ခွင့်ကိုလမ်းဖွင့်ပေးလိုက်မည်ဆိုပါက ပိုမိုကောင်းမွန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပန်းပုပြပွဲများအား ပြည်ပဈေးကွက်ထိုးဖေါက်ရေးအတွက် ပြည်ပပြပွဲများပြုလုပ်ရာတွင် သယ်ယူ စားရိတ် ကြီးမား ပြီး မရောင်းရ၍ ပြန်သယ်ရန်မှာလည်း အခက်အခဲဖြစ်သဖြင့် ပြည်တွင်းဈေးကွက်မှ ပန်းပုပစ္စည်း များအား ပြည်ပနိုင်ငံသားများ သယ်ဆောင်ခွင့် လိုင်စင်ရှိပါက ပန်းပုဈေးကွက်အနေဖြင့် ပြည်ပထိုးဖေါက်ရန် အဆင်ပြေမည်ဟု ပန်းပုလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိ ပန်းပုဈေးကွက်တွင် တရုတ်လူမျိုးများအများဆုံးကြိုက်သည့် နဂါးပုံနှင့် ရွှေငါးပုံတို့အား ဒီဇိုင်းထွင်၍ ထုလုပ်သော ပန်းပုများ အများဆုံးရောင်းချနေရပြီး ကိန္နရီ၊ကိန္နရာရုပ်၊ ဆင်ရုပ်၊မြင်းရုပ် ထုလုပ်သော ပုံစံများကို ပြည်တွင်းမှ အကြိုက်များကာ လက်ရာဆန်းသစ်သော ဒီဇိုင်းများကိုလည်း လူကြိုက်များကြောင်း ပန်းပုလုပ်ငန်းရှင်များထံမှ သိရသည်။

မြစ်မခ

No comments:

Post a Comment