လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း (၁၀၄)- စည်သူအောင်မြင့်
သင်္ကြန်နောက်ဆုံးနေ့က အရက်တွေသောက် ပျော်ပါးလွန်ထားကြတာ အတော့်ကို ပန်းနေကြ ပုံ တွေ့ရတယ်။ ဘာကိုမဆို အရှုံးပေးမယ့်ပုံပဲ။ တကယ်လည်း အာဏာသိမ်းအဖွဲ့က စာလေး တစ်စောင်လာပေးပြီး လက်နက် တွေ အပ်ပါလို့ ပြောလိုက်တာနဲ့ သူတို့ပစ္စတို သေနတ်တွေ အပ်လိုက်တာမြန်လိုက်တာဗျာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လာကပေါ် – ဘယ်လိုလဲ ကိုအောင်ကျော်၊ သင်္ကြန်ပျော်ရဲ့လား။
အောင်ကျော် – ကျွန်တော့် အသက်အရွယ်နဲ့ ပျော်စရာလားဗျာ။
လာကပေါ် – ငယ်ငယ်တုန်းကတော့ ပျော်ခဲ့တယ်ပေါ့။
အောင်ကျော် – ပြောရရင် နည်းနည်းတော့ဆန်းတယ်၊ ငယ်ငယ်တုန်းကလည်း သင်္ကြန်ကို မပျော်ခဲ့ပါဘူးဗျာ။
လာကပေါ် – ထူးထူးဆန်းဆန်းပဲ၊ နည်းနည်း ပြောပြပါလား။
အောင်ကျော် – ပြောပြမယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက အကြောင်းတော့ မဟုတ် ဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် အခြေစိုက်တဲ့ “၀” နယ်က သင်္ကြန်တစ်ခု အကြောင်း ပြောပြမယ်။…
လာကပေါ် – ပန်ဆန်း မဟုတ်လား။ အခု တိုင်းရင်းသား လက်နက်ကိုင်တွေ အစည်းအဝေးလုပ်မယ့် နေရာလေ။
အောင်ကျော် – ဟုတ်တယ်။ ကျွန်တော်က ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ တပ်မဟာ(၆) အခြေပြုရာ ထိုင်း နယ်စပ် ရှမ်းပြည်နယ် လွယ်လန်းတောင်ကြော ကို ၁၉၈၇ နှစ်လယ်လောက်မှာ ရောက်တယ်။ လွယ်လန်း မှာ နေပြီး ခြောက်လအကြာ ကျွန်တော့်ဇနီးနဲ့ သမီးအကြီး လိုက်လာပြီး ပန်ဆန်းဌာနချုပ်ကို ခြေလျင်ခရီးနဲ့ သွား တယ်။ တောလမ်းမှာ စုစုပေါင်း ၁လ လောက်ကြာတယ်။
လာကပေါ် – အကြာကြီးနော။
အောင်ကျော် – ပန်ဆန်းဌာနချုပ်ကို ၁၉၈၈ ဇန်န၀ါရီလောက် ရောက် တယ်။ ရောက်ပြီးပြီးချင်း သိပ်မကြာဘူး၊ “၀” နယ် မြောက်ပိုင်းမိုင်းမော ကို ကျောင်းဆရာလုပ်ဖို့ စေလွှတ်တာခံရတယ်။ နောက် ၁၉၈၉ ဇန်န၀ါရီလောက် မှာ အရှေ့မြောက်စစ် ဒေသပန်ဆန်းကိုရွှေ့ပြောင်းဖို့ ညွှန်ကြားခံရပြီး ပန်ဆန်းဌာနချုပ်ကို ရောက်တယ်။
လာကပေါ် – ဒါဆို ၈၈ အရေးအခင်း တုန်းက ခင်ဗျား ရန်ကုန်မှာ မရှိဘူးပေါ့။
အောင်ကျော် – မရှိဘူး။ “၀”မြောက် မိုင်းမောမှာ ရောက်နေတယ်။ အဲ ပန်ဆန်းက ကျွန်တော်တို့အိမ်နဲ့ မလှမ်း မကမ်းမှာ ၈၈ အရေးအခင်းအပြီး လက်နက်ကိုင်ဖို့ တိမ်းရှောင်လာတဲ့ ကျောင်းသားအဖွဲ့တွေ လည်းရှိသဗျ။ မတ်လဆန်းမှာ ဗကပလက် အောက်ကနေ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ ပုန်ကန်ခွဲထွက်တယ်။
လာကပေါ် – သြော် အခုတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေ တဲ့ နေရာမဟုတ်လား။
အောင်ကျော်- ဟုတ်တာပေါ့။ အဲလို ဗကပ ခေါင်းဆောင်မှုကို ဖယ်ရှားလိုက်ပြီး သူတို့ဘာသာသူတို့ သီးခြား လွတ်လပ်တဲ့ အဖွဲ့တည်ထောင်လိုက်ပြီဆိုတော့ ပန်ဆန်းက ဗကပခေါင်းဆောင်ကြီးတွေ အကြီးအကျယ်စိတ် ဆိုးကြတာပေါ့ဗျာ။ ဒီတော့ ကိုးကန့်ပုန်ကန်မှုဟာ တန်ပြန်တော်လှန်ရေး ဖြစ်တယ်။ ဒါကို အပြတ်ချေမှုန်းပစ် ရမယ်လို့ ဆုံးဖြတ်ပြီး အရှေ့မြောက်စစ်ဒေသမှူး ဦးစိုးသိန်းကို ကိုးကန့်ကိုပြန်တိုက်ယူဖို့ တာဝန်ပေးလိုက်တယ်။
လာကပေါ် – ဦးစိုးသိန်းက ဘာတပ်နဲ့ သွားတိုက်တာလဲ။
အောင်ကျော် – မတိုက်ရသေးဘူး။ တိုက်မလို့သွားတာ။ “၀” တပ်ကို ဦးဆောင်သွားတာ။ အဲဒီအချိန် ပန်ဆန်းမှာ သင်္ကြန်ကျရော ဆိုပါတော့ဗျာ။ သင်္ကြန်ဆိုတော့ မြို့ပေါ်က ရောက်လာတဲ့ ကျောင်းသားတွေ၊ ပန်ဆန်းမှာ ရှိနေ တဲ့ ဗမာတွေ၊ ရှမ်းတွေ သင်္ကြန် ပျော်ကြတာပေါ့ဗျာ။
လာကပေါ် – ဘယ်လိုပျော်ကြတာလဲ။
အောင်ကျော် – မြို့ပေါ်မှာလိုပဲ။ သင်္ကြန်ရေကစားတာပေါ့။ အဲဒီမှာ ထူးခြားတာတစ်ခုက ကျောင်းသားအဖွဲ့တွေ က ၈၈ အရေးအခင်းကာလ မြို့ပေါ်မှာ စစ်တပ်က ဘယ်လိုရက်စက်တယ်၊ ဘယ်လိုနှိပ်စက် တယ်ဆိုတာကို ပါဖောမန့် ပြကြတယ်ဗျ။ ကြည့်ရင်းနဲ့ ကျွန်တော်လည်းအတော် စိတ်ထိခိုက်တယ်။ ကျွန်တော်က ၈၈ အရေး အခင်းနဲ့ပတ်သက်ပြီး ရေဒီယိုကအသံလွှင့်တာပဲကြားတာလေ။ အခု ကျောင်းသားတွေ ကသရုပ်ပြတာဆိုတော့ အတော်ခံစားရ တာပေါ့ဗျာ။ မျက်ရည်တောင် ကျမိတယ်။
လာကပေါ် – ပန်ဆန်းသင်္ကြန်ပေါ့နော။
အောင်ကျော် – အဲလို ပါဖောမန့်လုပ်တာက ဧပြီ ၁၆ လို့ထင်တယ်။ တကယ်တော့အဲဒီနေ့ဟာ ဗကပအတွက် ရော၊ “၀” နယ်အတွက်ပါ သမိုင်းဝင်နေ့ပဲဗျ။ ကိုးကန့် တွေကို တိုက်ဖို့လွှတ်လိုက်တဲ့ “၀”တပ်တွေ ဟာ ကိုးကန့် တွေကို မတိုက်ပဲ၊ သူတို့နဲ့ပါသွားတဲ့ စစ်ဒေသခေါင်းဆောင် ဦးစိုးသိန်းနဲ့ “၀”မြောက်ခရိုင်အတွင်းရေးမှူး ဦးမြ သောင်းကို မိုင်းမောမှာပဲ ထိန်းသိမ်းထားလိုက်တယ်။ နောက်တပ်တွေအကုန်လုံး ပန်ဆန်း ဘက်ကို ပြန်ဆင်း လာတယ်။
လာကပေါ် – သြော် – ပန်ဆန်းကို တိုက်ခိုက်သိမ်းပိုက်မယ်ပေါ့။
အောင်ကျော် – အင်းပေါ့။ အဲဒီ သတင်းတွေလည်း ကြားနေရတယ်။ “၀” တပ်ဖွဲ့ ပန်ဆန်းဘက်ကို ချီတက်လာ နေပြီပေါ့။
လာကပေါ် – ဆိုတော့ ပန်ဆန်းက ဗကပ ခေါင်းဆောင်တွေ ဘာလုပ်ကြသလဲ။
အောင်ကျော် – ပန်ဆန်းကို အဓိက လုံခြုံရေးယူထားကြတာကလည်း “၀”တပ် ဖွဲ့ဝင်တွေပဲ။ ဗမာကေဒါတွေ ရှိပေမယ့် သူတို့နဲ့စာရင် အနည်းစုလေးပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်အားလုံးကိုတော့ တပ်လှန့်ထား လိုက်တာပေါ့ဗျာ။
လာကပေါ် – ခင်ဗျားရော။
အောင်ကျော် – အဲဒီ သတင်းတွေ ထွက်နေချိန်ကျမှ ကျွန်တော့်လက်ထဲ အမ် ၂၁၊ တရုတ်လို ပန်းစတုံး လို့ခေါ် တဲ့ ဆီမီး အော်တိုရိုင်ဖယ်တစ်လက် ထုတ်ပေးတယ်။ အရေးကြုံလာရင် တိုက်ခိုက်ဖို့ပေါ့ဗျာ။
လာကပေါ် – သြော် . . .။
အောင်ကျော် – အဲလိုနဲ့ ဧပြီ ၁၆ ရက်နေ့ည၊ ၁၇ ရက်နေ့ ပန်ဆန်းမှာ အာဏာသိမ်းပွဲဖြစ်တယ်။ ပန်ဆန်းမှာရှိ နေတဲ့ “၀”တပ်ဖွဲ့ဝင်တွေကပဲ ဗကပခေါင်းဆောင်တွေ၊ ဗမာတွေ အပါအ၀င် အခြားကေဒါတွေဆီက လက်နက် တွေ ဖြုတ်သိမ်းလိုက်တယ်။
လာကပေါ် – ခင်ဗျားတို့ ဒီအတိုင်း ခံနေကြတာပဲလား။
အောင်ကျော် – နှစ်ပိုင်းရှိတယ်။ အဲလိုအာဏာသိမ်းပွဲဖြစ်စမှာ ခေါင်းဆောင် တချို့နဲ့ကေဒါတချို့ ချောင်းကိုဖြတ် ပြီးတစ်ဖက် တရုတ်နိုင်ငံ ဘက် ပြေးသွားကြတယ်။ ကျွန်တော်အပါအ၀င် ကေဒါတချို့၊ မိသားစုဝင်တွေ၊ ကလေး တွေကတော့ အာဏာသိမ်းတပ်ဖွဲ့ရဲ့ ဖမ်းဆီး၊ လက်နက်ဖြုတ်တာ ခံလိုက်ရတယ်။ တကယ့် “၀” တိုက်ခိုက်ရေး တပ်တွေ ပန်ဆန်းကို ၀င်လာတော့ မဟာမိတ်ပအိုးဝ်တပ်ဖွဲ့က နည်းနည်းပါးပါး ခံပစ်တာကလွဲပြီး အာဏာသိမ်း ပွဲ အောင်အောင်မြင်မြင်ဖြစ်သွားတယ်။ ဘယ်မှမသွား ဘူးလို့တင်းခံနေတဲ့ ဥက္ကဋ္ဌ သခင်ဗသိန်း တင်ကိုထမ်းစင် ပေါ် တင်၊ ချောင်းကူးတံတား ကနေတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံထဲကို ပို့ပေးလိုက်ကြတယ်။
လာကပေါ် – ဒါအာဏာသိမ်းတာပဲ။ ခင်ဗျားတို့ ဗမာကေဒါတွေကရောခံ မတိုက်ကြဘူးလား။
အောင်ကျော် – ပြောရဦးမယ်။ ကျွန်တော်တို့ ဗမာကေဒါတချို့၊ မိသားစုကလေးတွေ တစုတစည်း ရှိနေတုန်းက ကျွန်တော့်မှာ သေနတ် တစ်လက်ရှိသလို အခြား ကေဒါအားလုံးမှာ အမ် ၂၀ပစ္စတိုတစ်လက်စီရှိ ကြတယ်။ သူတို့နဲ့ စကားပြောကြည့်တော့ လားလား။ သူတို့က သင်္ကြန်နောက်ဆုံးနေ့က အရက်တွေသောက် ပျော်ပါးလွန် ထားကြတာ အတော့်ကို ပန်းနေကြပုံတွေ့ရတယ်။ ဘာကိုမဆို အရှုံးပေးမယ့်ပုံပဲ။ တကယ်လည်း အာဏာ သိမ်းအဖွဲ့က စာလေးတစ် စောင်လာပေးပြီး လက်နက်တွေ အပ်ပါလို့ ပြောလိုက်တာနဲ့ သူတို့ပစ္စတိုသေနတ် တွေ အပ်လိုက်တာ မြန်လိုက်တာဗျာ။ ကျွန်တော် တစ်ယောက်တည်း ၂ နှစ်အရွယ် သမီး ကြီးကိုကျောပိုး၊ အဲဒီ ဆီမီးအော်တိုသေနတ် အရှည်ကြီးကိုင်ပြီး လက်နက်မအပ်လို့ ပြဿနာအကြီး အကျယ်တက်ခဲ့သေးသဗျား။ အဲဒီတုန်းက အဖြစ်အပျက်ဟာ သမိုင်းဝင် အဖြစ်အပျက် ဖြစ်ပေမယ့် ဗမာကေဒါတွေနဲ့ ပတ်သက်ရင်တော့ အရက်နာ၊ သင်္ကြန်နာ သင်္ကြန်ဝေဒနာအဖြစ် ကျွန်တော်က ပိုမှတ်မိနေကြောင်းပါဗျား။
မြန်မာသံတော်ဆင့်သတင်းဌာန
No comments:
Post a Comment