ရန်ကုန်၊ ဧပြီ ၂၉
ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဖုန်ကြားရှင်၏ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်မှု မရှိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းဒေသတွင် စတင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီးညီလာခံသို့ တက်ရောက်မည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များကို ဧပြီလ ၂၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ် ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးမှာ ဖုန်ကြားရှင် တက်မတက်ကို ဆွေးနွေးပါတယ်။ သူ့အနေနဲ့ ကျန်းမာရေး အခြေအနေအရ အပြင်မထွက်တာလည်း ကြာပြီ၊ အသက်အရွယ်ကလည်း ခရီးဝေးသွားဖို့ အဆင်မပြေနိုင်လို့ မတက်တာပါ၊ သူရဲ့ လုံခြုံရေး အခြေအနေနဲ့ မဆိုင်ပါဘူး” ဟု အဆိုပါ ကိုးကန့်အဖွဲ့နှင့် နီးစပ်သူက ပြောဆိုသည်။
တိုင်းရင်းသား ထိပ်သီးညီလာခံသို့ အသက် ၈၅ နှစ်အရွယ်ရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင် တက်ရောက်မည် မဟုတ်သော်လည်း ဖုန်ကြားရှင်၏ သားဖြစ်သူ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဖုန်ဒါဆွန်၊ ဒုတိယစစ်ဦးစီးချုပ်နှင့် ပြန်ကြားရေးတာဝန်ခံတို့ ပါဝင်မည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ထံမှ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင် ညီလာခံသို့ တက်ရောက်ရန် NCCT အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့နှင့် NCCT အဖွဲ့ဝင် မဟုတ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မိုင်းလားတပ်ဖွဲ့၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA အဖွဲ့တို့ အပါအဝင် စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကို ဖိတ်ကြားထားကြောင်း UWSA ထံမှ သိရသည်။
ထို့အပြင် ယင်းညီလာခံသို့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။
The Voice
No comments:
Post a Comment