လစာတိုးမြှင့် ရရှိလိုသည်ဆိုသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
တစ်နှစ်ခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်သော ၀မ်ပေါင်၊ ယန်စီ အလုပ်သများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုချက်သည် ဧပြီ စတုတ္ထပတ် ညှိနှိုင်းတွေ့ဆုံပြီးချိန်အထိ ပြေလည်မှု မရရှိခဲ့သဖြင့် အလုပ်သမားများဘက်မှ သာတူညီမျှ အခွင့်အရေး ရရှိရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ညှိနှိုင်းရေးအဖွဲ့များ အကြိမ်ကြိမ် ၀င်ရောက်ခဲ့သည့်တိုင် အဆုံးမသတ်နိုင်သည့် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုအတွက် နောက်ဆုံးအကြိမ် တွေ့ဆုံမှုတွင် ပြေလည်မှုရရှိရန် မျှော်လင့်ခဲ့ကြောင်း အလုပ်သမားများက ပြောကြားခဲ့ပြီး ညှိနှိုင်းမှုရလဒ်မှာ ကွာဟမှုကြီးမားနေဆဲဖြစ်ကြောင်း သိရသည်။
“ရာထူးတူ၊ နေရာတူတဲ့ အနေအထားမှာ ကျွန်တော်တို့ မြန်မာလုပ်သားတွေဟာ တရုတ်လုပ်သားတွေရဲ့ တစ်ဝက်တောင် အခကြေးငွေ မရရှိဘူး။ ဒီအနေအထားမှာ ကျွန်တော်တို့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ လိုလားတာပါ။ ကုမ္ပဏီ တာဝန်ရှိသူတွေဘက်က တွေ့ဆုံညှိနှိုင်းပြီး လုပ်ခလစာ တိုးမြှင့်ပေးခဲ့ပေမယ့် ကျွန်တော်တို့ တောင်းဆိုမှုရဲ့ သုံးပုံတစ်ပုံကို တိုးမြှင့်ပေးဖို့ လိုက်လျောခဲ့တာပါ။ ဒါကို အလုပ်သမားတွေအားလုံး မကျေနပ်ပါဘူး။ ဆက်ပြီး တောင်းဆိုမှုတွေ ပြုလုပ်သွားကြဦးမှာပါ” ဟု ၀မ်ပေါင်ကုမ္ပဏီမှ အလုပ်သမား ကိုလှမင်းထိုက်က ပြောကြားသည်။
ဦးရေ ၃၀၀၀ ခန့်ရှိသော ၀မ်ပေါင်နှင့် ယန်စီကုမ္ပဏီများမှ မြန်မာအလုပ်သမားများ၏ လက်ရှိတောင်းဆိုထားသည့် လုပ်ခလစာသည်ပင် တရုတ်အလုပ်သမားများနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျလျက်ရှိနေကြောင်း သိရပြီး မြန်မာနိုင်ငံအတွင်း လာရောက်ကာ မြန်မာအလုပ်သမားများကို ခွဲခြားဆက်ဆံသကဲ့သို့ ခံစားရကြောင်းလည်း အလုပ်သမားများက ပြောကြားသည်။
“လောလောဆယ်မှာ မြန်မာတစ်ယောက်ရဲ့ အမြင့်ဆုံးလုပ်ခလစာဟာ ဒေါ်လာ ၃၀၀ ရှိပြီး တရုတ်လူမျိုးတစ်ယောက်ရဲ့ အမြင့်ဆုံးက ဒေါ်လာ ၁၀၅၀ ရှိတယ်။ ကျွန်တော်တို့က လက်ရှိလုပ်ခလစာရဲ့ တစ်ဆခွဲ ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုတာပါ။ ကုမ္ပဏီဘက်က လစာရဲ့ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်မယ်ပြောတယ်။ ဒီအနေအထားကို အလုပ်သမားအားလုံးက ကျေနပ်မှု မရှိကြပါဘူး” ဟု ယန်စီကုမ္ပဏီမှ လျှပ်စစ်ဝန်ထမ်း ဦးဖိုးချိုက ပြောကြားသည်။
လစာတိုးမြှင့် ရရှိရန်အတွက် မြန်မာအလုပ်သမားများက ဆန္ဒထုတ်ဖော်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြကာ ဧပြီလဆန်းပိုင်းကလည်း လက်ပတ်နီလှုပ်ရှားမှုဖြင့် ၎င်းတို့၏ လိုလားချက်များကို တောင်းဆိုခဲ့ကြပြီးနောက် ကုမ္ပဏီတာဝန်ရှိသူများက မူဘောင်အတွင်း ညှိနှိုင်းတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သို့သော် ပြေလည်မှုမရရှိသည့် အခြေအနေအတွက် အလုပ်သမားများက ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားကြဦးမည်ဟု ဆိုသည်။
“နိုင်ငံရဲ့ ကုန်ဈေးနှုန်း အခြေအနေအရ ကြည့်ကြည့်၊ ဒီစီမံကိန်းကြီးရဲ့ အကျိုးအမြတ်တွေအရပဲ ကြည့်ကြည့်၊ အလုပ်သမားချင်း ခွဲခြားဆက်ဆံခံရတဲ့ ရှုထောင့်က ကြည့်ကြည့် ကျွန်တော်တို့ တောင်းဆိုမှုဟာ ဘာမှလွန်လွန်ကျူးကျူး မရှိပါဘူး။ ကုမ္ပဏီဘက်က လိုက်လျောမှု မရှိမချင်း ကျွန်တော်တို့တွေ တောင်းဆိုသွားမှာပါ” ဟု ၀မ်ပေါင်အလုပ်သမား ကိုမျိုးက ပြောကြားသည်။ လခစား အလုပ်သမားများအပြင် လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် လယ်မြေအသိမ်းခံရပြီး ကုမ္ပဏီသို့ ၀င်ရောက်လုပ်ကိုင်နေရသော နေ့စားအလုပ်သမားများကလည်း လက်ရှိတွင် တစ်ရက် ကျပ် ၃၁၀၀ သာ လုပ်ခရရှိမှုအပေါ် တိုးမြှင့်ပေးရန်နှင့် လခစားအဖြစ် လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment