Friday, April 24, 2015

တရုတ်သို့ ဆန်တန်ချိန် ၃၀၀၀ မေလ၌ တရားဝင်စပို့မည်



ရန်ကုန်၊ ဧပြီ ၂၃


တရုတ်နိုင်ငံဘက်က တရားဝင် ကမ်းလှမ်းကာ ဆန်ဝယ်ယူမှုအတွက် ဆန်တန်ချိန် ၃၀၀၀ ကို မေလမှစတင်၍ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

တရုတ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း တရားဝင်ဝယ်ယူမည်ဖြစ်ပြီး မေလတွင် ကနဦးအဖြစ် ဆန်တန်ချိန်သုံးထောင်ကို တင်ပို့ခြင်းဖြစ်၍ အဆိုပါတင်ပို့မှု အောင်မြင်ပါက တန်ချိန်တစ်သိန်းအထိ ဆက်လက်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“သူတို့ဆီက အရည်အသွေးစစ်တဲ့ အဖွဲ့က ဧပြီလ နောက်ဆုံးအပတ်မှာ လာပြီး ဒီမှာရုံးခန်းလာဖွင့်ဖို့ ရှိတယ်။ တင်ပို့မယ့် ဆန်အရည်အသွေးတွေကို စစ်မှာ” ဟု ၎င်းကပြောဆိုသည်။


အဆိုပါ ဆန်တင်ပို့မှုအတွက် လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီ ၁၉ ခုကို ရွေးချယ်ထားပြီး ပထမအကြိမ်အဖြစ် ရွေးချယ်ခဲ့သော ကုမ္ပဏီကိုးခုမှာ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MACPO)၊ မြန်မာနိုင်ငံ ဆန်စက်အသင်းက ဖွဲ့စည်းထားသော Myanmar Rice Mail ကုမ္ပဏီ၊ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းက ဖွဲ့စည်းထားသော FRA၊ ကုန်သည်/စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က တည်ထောင်ထားသော Golden Land East Asia၊ မန္တလေး ဆန်လုပ်ငန်းရှင်များက တည်ထောင်ထားသော MRDC၊ ဘုရင့်နောင် လုပ်ငန်းရှင်များ ဖွဲ့စည်းထားသော ကုမ္ပဏီ၊ ဧရာဝတီတိုင်းဒေသကြီး လုပ်ငန်းအခြေပြု ဧရာပုသိမ်ကုမ္ပဏီ၊ မူဆယ်လုပ်ငန်းရှင်များ တည်ထောင်ထားသော SPRDC နှင့် ရခိုင်ဆန်စပါးကုမ္ပဏီတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာ့ဆန်၏ ပြည်ပဈေးကွက်သည် အာဖရိကဈေးကွက် အားနည်းချိန်တွင် တရုတ်တစ်နိုင်ငံတည်း ကိုသာ အဓိက ထွက်ပေါက်ရှိသဖြင့် တရားဝင်တင်ပို့နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိ၌ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်ရောင်းချနေမှုသည် မြန်မာနိုင်ငံဘက်က တရားဝင် ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံက တရားမဝင် နည်းလမ်းဖြင့်သာ ဝယ်ယူလျက်ရှိသည်။

The VOICE

No comments:

Post a Comment