##### သူ့အမြင် #####
၃၀.၄.၂၀၁၅
တံခါးမှူးများနှင့် သယံဇာတ စီမံခန့်ခွဲမှု
==========================
တစ်နေ့က မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေအတွင်း အဖိုးတန်သစ်တွေ ခိုးထုတ်ဖို့အတွက် တရုတ်ပြည်က ဝင်ရောက်လာတဲ့ မော်တော်ယာဉ် ၄၈၃ စီးနဲ့ နိုင်ငံသား ၂၀ ဦး၊ တရုတ်နိုင်ငံသား ၁၃၉ ဦးကို ဖမ်းဆီးရမိသည် ဆိုတဲ့ သတင်းကြောင့်ပါ။
ဒါနဲ့ဆက်စပ်ပြီး စဉ်းစားမိတာက တိုင်းတစ်ပါးက ကိုယ်ထည်ကြီးမားတဲ့ စက်ယန္တရားကြီးများ မြန်မာနိုင်ငံထဲကို ဘယ်လိုဝင်ရောက်ပြီး ဘယ်နည်းဘယ်ပုံနဲ့ ဒီလိုအရေအတွက် များပြားစွာ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာကြသနည်း။ မိမိတိုင်းပြည်တွင် ယာဉ်နံပါတ်မတပ်ဘဲ မောင်းနှင်တဲ့ ယာဉ်တွေကို တွေ့ရင် စစ်ဆေးကြပ်မတ်တဲ့ ဝန်ထမ်းတွေ အပါအဝင် နယ်စပ်အဝင်အထွက်တွေမှာ ဆိုင်ရာဆိုင်ရာ စစ်ဆေးဖို့အတွက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ တံခါးမှူး နှစ်ယောက်အနက် မည်သို့သော တံခါးမှူး ဖြစ်နေသလဲ ဆိုတာရယ်၊ ဒီဝန်ထမ်းတွေကို စီမံခန့်ခွဲနေတဲ့ အပေါ်က အဆင့်ဆင့်သော တာဝန်ရှိသူတွေ စဉ်းစားမိစေဖို့ပါ။
သေချာတာကတော့ ဒီကားတွေဟာ ရေလမ်းကရော ဝေဟင်ကရော ရောက်လာတာ မဟုတ်ဘူး ဆိုတာပါ။ ယခုဖြစ်ရပ်မှာ အိမ်နီးချင်း တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသားများ ပြည်တွင်းကို တရားမဝင် ဝင်လာပြီး နိုင်ငံပိုင် သယံဇာတများကို တရားမဝင် ခိုးထုတ်သယ်ယူဖို့အတွက် မြင်မကောင်းလောက်အောင် ယာဉ်ကြီးများစွာဖြင့် ဝင်ရောက်ကျူးကျော်တဲ့ ဖြစ်ရပ်ပါ။
ကျွန်တော်တို့နိုင်ငံဟာ အဖိုးတန် သဘာဝသယံဇာတ ပေါများကြွယ်ဝတဲ့ နိုင်ငံလို့ အစဉ်အမြဲ ပြောဆိုလာပြီး ယနေ့ထိတိုင်လည်း သုံးနှုန်းနေဆဲ ဖြစ်သည်။ ဒီလိုသယံဇာတတွေကို လက်ဝါးကြီးအုပ် လိုချင်တပ်မက်လို့ အင်အားကြီးတဲ့နိုင်ငံက သူ့ကျွန်အဖြစ် သိမ်းပိုက်တာကို ခံခဲ့ရပြီးပါပြီ။ နှစ်ပေါင်းများစွာ မြေပေါ်မြေအောက် သယံဇာတများကို အတိုင်းအဆမရှိ ထုတ်ယူခဲ့ကြသည့်တိုင် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် သဘာဝတရားကြီးက မညည်းညူ မငြိုငြင်ဘဲ အသစ်အသစ်သော ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ ကျောက်မျက်ရတနာတွေ၊ သတ္တုတွေ စတဲ့ သယံဇာတ အရင်းအမြစ်များကို ပေးမြဲ ပေးနေသည်။
သဘာဝတရားက မျက်နှာသာပေး အလိုလိုက်နေသော်လည်း ဒီလိုသယံဇာတတွေကို အကျိုးရှိရှိ မစီမံ မခန့်ခွဲတတ်၊ တိုင်းပြည်ကလည်း ထုတ်ကုန်ပစ္စည်းတွေ များများမထုတ်နိုင်၊ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမှုကလည်း ခပ်နည်းနည်း၊ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိထိရောက်ရောက် အသုံးမချနိုင်တာတွေကြောင့် တော်ပေ့တတ်ပေ့ဆိုသည့် အသိပညာရှင် အတတ်ပညာရှင်တွေ၊ လူငယ်တွေရဲ့ လုပ်အားတွေ၊ အမျိုးသမီးတွေ အိမ်ဖော်အဖြစ်နဲ့တစ်မျိုး ဇနီးမယားအဖြစ် တစ်နည်း ပြည့်တန်ဆာအဖြစ် တစ်ဖုံ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြရသည်။ သယံဇာတတွေကို အစဉ်အမြဲ အားကိုးအားထား အမှီသဟဲပြုကာ အလွန်အကျွံ ထုတ်ယူပြီး တန်ဖိုးထားမှု၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုများမရှိဘဲ ဒီလိုသာ ဆက်သွားနေမည် ဆိုပါလျှင် ငယ်စဉ်က သင်ခဲ့တဲ့ ကုဋေရှစ်ဆယ် သူဌေးသားကဲ့သို့ လုံးပါးပါးဖို့ရာသာ ရှိတော့မည်။
တိုင်းပြည်ဘဏ္ဍာငွေတွေ လေလွင့်မှုများ မဖြစ်ပေါ်အောင်၊ တိုးတက်များပြားအောင်၊ အခွန်အကောက် မှန်မှန်ရအောင် ကြိုးပမ်းဆောင်ရွက်နေသူများ၏ အခန်းကဏ္ဍ အရေးကြီးသလို တံခါးမှူးများနှင့် အခြားသော မင်းမှုထမ်းများ အားလုံးသည်လည်း ကိုယ်ကျင့်သီလ ပြည့်စုံမှု၊ တိုင်းပြည်အပေါ် သစ္စာရှိမှု အထူးလိုအပ်ပါသည်။
တာဝန်ကို တာဝန်အတိုင်း ဆောင်ရွက်လိုသော ဝန်ထမ်းများ ရှိသလို အကျင့်ပျက်ခြစား စုန်းပြူးဝန်ထမ်းများလည်း ရှိပါမည်။ တာဝန်သိ သစ္စာရှိ ရိုးသားကြိုးစားသော ဝန်ထမ်းများအား ချီးမြှောက်ပေးရန် တွန့်တိုမနေဘဲ မနှေးအမြန် ဆောင်ရွက်ပေးသင့်ပါသည်။ ထိုဝန်ထမ်းများအပေါ်တွင်လည်း အဆင့်ဆင့်သော ရာထူးဂုဏ်ရှိန် ကြီးမားသောသူများက လွှမ်းမိုးမူ၊ ခြိမ်းခြောက်မှု၊ မလျော်သြဇာသုံးမှုများ မပြုလုပ်ဘဲ ယန္တရားတစ်ခုလုံး ယိုင်လဲပြိုကျအောင် အောက်ခြေမှစ ခေါင်မိုးထိ ခြစားနေမှုများကိုလည်း တပည့်ရင်း၊ ဆွေမျိုးတော်စပ်မှု၊ ပေးကမ်းမှု၊ ရင်းနှီးမှုများကို ဖယ်ခွာပြီး ကျောသားရင်သားမခွဲခြား ဆောင်ရွက်ရန် လိုအပ်နေပါသည်။
စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသည့်အတိုင်း ပြည်တွင်းကို စီးဝင်လာတဲ့ ဘဏ္ဍာငွေတွေ၊ တိုင်းပြည်ကနေ အမှန်တကယ် ရသင့်ရထိုက်သည့် ဘဏ္ဍာငွေတွေ ဆည်ကဲ့သို့ အကျိုးရှိရှိ သိုလှောင်ထိန်းသိမ်းဖို့ရာ တံခါးမှူးကောင်းများ အမှန်ပင် လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုစကားဝါ
No comments:
Post a Comment