Wednesday, April 22, 2015

ကိုးကန့် တိုက်ပွဲ စုစုပေါင်း ၂၅၃ ကြိမ်တွင် MI-35 တိုက်လေယာဉ် အကြိမ် ၄၀ခန့် အသုံးပြုခဲ့ရဟုဆို

လောက်ကိုင် ဒေသတွင် ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲ အကြိမ် အရေအတွက် စုစုပေါင်း ၂၅၃ ကြိမ်တွင် MI-35 တိုက်လေယာဉ်ကို အကြိမ် ၄၀ခန့် အသုံးပြုခဲ့ရကြောင်း မြန်မာ့တပ်မတော်မှ အဆင့်မြင့် အရာရှိ တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။
 
ထို့အပြင် ကိုးကန့်တိမ်းရှောင် အဖွဲ့များ တပ်စွဲထားသော နှစ်နိုင်ငံ နယ်နိမိတ် အနီးတွင်ရှိသော တောင်ကုန်း တချို့ကိုလည်း မြန်မာ့ တပ်မတော်က ဧပြီလ ၁၃ ရက်၊ အင်္ကြန် အကြိုနေ့မှ ဧပြီ ၁၆ ရက်၊ သင်္ကြန် အတက်နေ့အထိ ရက်အနည်းငယ် အတွင်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ရာတွင် ပါစင်ကျော် ကျေးရွာ အရှေ့မြောက်ဘက်ရှိ ရှင်ခုတ်ထန်ဒေသ၊ အရှေ့ဘက်ခြမ်း စန်တအိုက်ရှန် ကုန်းမြင့်ဒေသ၊ နှစ်နိုင်ငံ နယ်နမိတ် မျဉ်းအနီးရှိ ပွိုင့် ၁၅၅၃ တောင်ကုန်း၊ ပွိုင့် ၁၅၄၁ တောင်ကုန်း၊ ပန်ဝိုင်တောင်၊ ဘိုင်ကြင်ရွှေ ကျေးရွာ၊ ပွိုင့် ၁၈၅၉ တောင်ကုန်းနှင့် ပွိုင့် ၁၇၅၃ တောင်ကုန်းများအား တိုက်ခိုက်ရာတွင်လည်း လေကြောင်းပစ်ကူများနှင့် သံချပ်ကာ တိုက်ယာဉ် တချို့ကို အသုံးပြုခဲ့ ရကြောင်း၊ လက်ရှိတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့များ တပ်စွဲထားသော သစ်လုံးဘန်ကာ အလုံး ၈၀ ခန့်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


ယင်းသို့ကိုးကန့် တိမ်းရှောင် အဖွဲ့တပ်စွဲထားသော တောင်ကုန်း တချို့အား သိမ်းပိုက်ရခဲ့ခြင်းကြောင့် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အသုံးပြုသော M-22 တစ်လက်၊ AK-47 တစ်လက်၊ K-12 တစ်လက်၊ RPG တစ်လက်၊ RPG ဗုံးသီး ပို့ကျည် ၁၇ တောင့်၊ RPG ဗုံးသီး ၁၄ လုံး၊ ကျည်အိမ်မျိုးစုံ ခုနစ်ခု၊ ကျည်မျိုးစုံ ၃၀၆၀ တောင့်၊ တိုက်မိုင်း သုံးလုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ ၆၀မမ ဗုံးသီး ၂၁ လုံး၊ စနိုက်ပါပြောင်းပို တစ်ခု၊ အီကွေးမန့် တစ်စုံ၊ ဘေးလွယ်အိတ် တစ်လုံးနှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ကိုးခုတို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ စတင်ဖြစ်ပွားသော ဖေဖော်ဝါရီ ၉ရက်မှ ယနေ့အထိ ဖြစ်ပွားသော တိုက်ပွဲများတွင်လည်း ကိုးကန့်တိမ်းရှောင် အဖွဲ့များထံမှ စုစုပေါင်း လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈၉ လုံး၊ ဖမ်းဆီးရမိသူနှင့် အလင်းဝင်သူ ၂၂ ဦး၊ အလောင်း ၇၄ လောင်းနှင့် မူးယစ်ဆေးဝါး မျိုးစုံပါဝင်သော ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၁၆ ကျော်ရှိ မူးယစ်ဆေးဝါးများကိုလည်း သိမ်းဆည်းရမိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုလူသစ်
TOMORROW

No comments:

Post a Comment