30.4.2015
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များစုပေါင်းပြုလုပ်မည့်စတုထ္တအကြိမ်မြောက်ညီလာခံအား ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်၊ “၀” ဒေသရှိပန်ဆန်းမြို့တွင်ကျင်းပပြုလုပ်ရန်အတွက် စီစဉ်လျက်ရှိနေကြ ကြောင်းသိရှိရသည်။ UWSA “၀” တပ်ဖွဲ့အနေဖြင့် အဆိုပါညီလာခံသို့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၂) ဖွဲ့အား တက်ရောက်ရန် ဖိတ်ကြားထားပြီးအခြားသော လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်အချို့ကိုလည်း ဖိတ်ကြားထား ကြောင်း သိရှိရသည်။
ထိုကဲ့သို့ဖိတ်ကြားထားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ (၁၂) ဖွဲ့တွင် ယနေ့အရှေ့မြောက်ဒေသမှ မြန်မာပြည်အတွင်းသို့ ကျူးကျော်ဝင်ရောက် လာခဲ့သော ဖုန်ကြားရှင်၏ ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့အပြင်၊ ဖုန်ကြားရှင်ဘက်မှ ပူးပေါင်း ပါဝင် တိုက်ခိုက်ပေးနေသည့် AA သောင်းကျန်းသူများနှင့် TNLA အဖွဲ့တို့ပါဝင်နေခြင်းကြောင့်လည်း ပန်ဆန်းညီလာခံ ပြုလုပ်မည့် သဘောထားအပေါ် ဝေဖန်မှုများမြင့် တက်လျက်ရှိကြောင်းတွေ့ရှိလာရသည်။
“တကယ်ကိုရိုးရိုးသားသားနဲ့ သဘောထားမှန်မှန်လုပ်ကြမယ် ဆိုရင်တော့ ကောင်းပါတယ်၊ အခုလောလောဆယ်မှာ အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း (Final Draft) ကို NCCT အဖွဲ့ဝင်တွေ လက်မှတ်ထိုးထားတာ ရှိတာပေါ့၊ အခုအဲဒါကိုအပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဧပြီလကုန်ပိုင်းမှာ NCCT ညီလာခံလုပ်ကြမယ် ဆိုပြီး ပြောထားကြ တာရှိတယ်၊ ဒါပေမယ့်အခုပန်ဆန်းညီလာခံလုပ်ဖို့ဆိုပြီး NCCT ဆွေးနွေးပွဲကိုရွှေ့လိုက်တာတွေ့ရတာပေါ့၊ ဒါက ကောင်းတဲ့ သဘောတော့ မဟုတ်လောက်ဘူးလို့ထင်တယ်၊ ဘာလို့လဲဆိုတော့ ပန်ဆန်းညီလာခံမှာက NCCT အဖွဲ့ဝင် အားလုံးကိုဖိတ်ထားတာ မဟုတ်ဘူး၊ နောက်ပြီးဖုန်ကြားရှင်အပါအ၀င် AA တို့ TNLA တို့ကိုပါဖိတ်ထား တယ်ဆိုတော့ ဒါကတစ်မျိုးဖြစ်နေတယ်၊ ဘယ်သူတွေကျောထောက်နောက်ခံ လုပ်ထားပြီး၊ ဘယ်သူတွေရဲ့စီမံမှုနဲ့ ဒီညီလာခံကိုလုပ် တာလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတယ်” ဟု ပန်ဆန်းညီလာခံနှင့်ပတ်သက် ၍ နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“အပစ်ရပ်စာချုပ်အတွက် NCCT ဆွေးနွေးပွဲကိုတော့ အစက ဧပြီ ၂၉နဲ့ ၃၀ မှာလုပ်ဖို့လျာထားတာပေါ့၊ အခုတော့ ပန်ဆန်းညီလာခံရှိတဲ့ အတွက် ရွှေ့ဆိုင်းလိုက်တယ်ခင်ဗျ၊ ဒါပေမယ့် ပန်ဆန်းညီလာခံမှာက NCCT အဖွဲ့ဝင်အားလုံး တက်ရောက်မှာတော့မဟုတ်ဘူး၊ အဖွဲ့ခေါင်းဆောင်တို့ တွဲဖက် ၁၊၂ တို့လောက်ပဲ တွေ့ကြမှာပေါ့၊ ကျွန်တော်လဲပါမှာပါ” ဟု NCCT အဖွဲ့ဝင် ခွန်ဥက္ကာကပြောသည်။
ယခု UWSA ကကြီးမှုးကျင်းပမည့် ပန်ဆန်းညီလာခံတွင် ထူးခြားမှုတစ်ခုရှိလာသည်မှာ အနောက်အုပ်စုသတင်းမီဒီယာ ဌာနများဖြစ်ကြသည့် BBC၊ VOA၊ RFA သတင်းဌာနများက အဆိုပါညီလာခံသို့တက်ရောက် သတင်းရယူရန် ခွင့်တောင်း ခဲ့ကြခြင်းကို UWSA ကငြင်းပယ်လိုက်ခြင်းပင်ဖြစ်ပေသည်။
“တကယ်ဆိုရင်ညီလာခံကို ပွင့်လင်းမြင်သာမှုရှိအောင်တော့လုပ်သင့်တာပေါ့၊ အခုတော့ အနောက်နိုင်ငံအခြေစိုက် မီဒီယာတွေကို တက်ရောက်ခွင့်မပြုဘူး ဆိုတာကတော့ နည်းနည်းထူးဆန်းနေတယ်၊ ပြည်တွင်းမီဒီယာတွေမှာတောင် နည်းနည်းပဲ တက်ရောက်ခွင့်ပြုထားတာတွေ့ရတယ်၊ တခြား ပြည်ပ မီဒီယာတွေ အနေနဲ့ တရုတ်သတင်းဌာနတွေကိုပဲ ဖိတ်ကြားထားတယ် ဆိုတော့ ဒီညီလာခံကတရုတ်အစိုးရနဲ့လည်း ပတ်သက်ကောင်း ပတ်သက်နေနိုင်ပါတယ်” ဟု ညီလာခံတွင် အနောက်နိုင်ငံအခြေစိုက် သတင်းဌာနများအား တက်ရောက်ခွင့်မပြုခဲ့ခြင်းအပေါ် တွင် ပြည်ပသတင်း ထောက် တစ်ဦးက သုံးသပ်ဝေဖန်ခဲ့သည်။
UWSA အဖွဲ့အနေဖြင့် ၎င်းတို့နယ်မြေအတွင်း ပြုလုပ်မည့်တိုင်းရင်းသား ညီလာခံတွင် အမေရိကန်အခြေစိုက်၊ ဗြိတိန် အခြေစိုက်နှင့် နော်ဝေ အခြေစိုက် သတင်းမီဒီယာများကို တက်ရောက်သတင်းယူရန် ခွင့်မပြုခဲ့ဘဲ ပြည်တွင်းမီဒီယာ အနည်းငယ်နှင့် တရုတ်နိုင်ငံသတင်းဌာန များကိုသာ ဖိတ်ကြားခဲ့ခြင်းကြောင့် ထိုညီလာခံသည် တရုတ်အစိုးရ၏ သဘောထားများ လွှမ်းမိုးနေလိမ့်မည်ဟူ၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်လာခဲ့ကြသည်။
“ပန်ဆန်းဆွေးနွေးပွဲကို UWSA ဝပြည် သွေးစည်း ညီညွတ်ရေး ဖွဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ထောက်ခံမှု၊ ဒါမှမဟုတ် ညွှန်ကြားမှုမျိုးမရဘဲလုပ်မှာမဟုတ်ဘူး” ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ စာရေးဆရာဘာတေလစ်တ်နာ က ပြောကြားခဲ့ကြောင်း BBC သတင်းဌာနကဖော်ပြခဲ့သည်။
“တရုတ်က မြန်မာနိုင်ငံရဲ ပြည်တွင်းပဋိပက္ခကိုဖြေရှင်းတဲ့နေရာမှာ သူတို့လည်းဝင်ပါချင်တယ်ဆိုတဲ့သဘောရှိပြီး တခြား နိုင်ငံက အုပ်စုတွေဖြစ်ချင်တဲ့ ပုံစံမျိုးမဖြစ်အောင် လုပ်ချင်တဲ့သဘောမှာရှိတယ်”ဟု ဘာတေလစ်တ်နာက ပြော သည်။
“အနောက်အုပ်စုသတင်းဌာနတွေက CIA နဲ့ဆက်စပ်နေတယ်လို့ သူတို့ကထင်ပုံရတယ်၊ ဒါကြောင့်လဲအဲဒီသတင်းဌာန တွေကို ညီလာခံတက်ရောက်ဖို့ခွင့်မပြုတာပေါ့၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း အငြင်းပွားတာတွေဖြစ်လာတာပေါ့၊ အနောက်အုပ်စုသတင်းဌာနတွေကို ခွင့်မပြုခဲ့ပေမယ့် တရုတ်မီဒီယာတွေကိုတော့ ညီလာခံတက်ရောက်ဖို့ ဖိတ်ကြား ထားတာကိုကြည့်ရင် ဘယ်လိုပဲဖြစ်ဖြစ် ပန်ဆန်းညီလာခံမှာ တရုတ်သြဇာတော့အနည်းနဲ့အများရှိနေနိုင်လိမ့်မယ်” ဟု တသီးပုဂ္ဂလ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ယခုအခါတွင် ပန်ဆန်းညီလာခံနှင့်ပတ်သက်၍ အဆိုပါညီလာခံသည် အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုပင် အနှောက် အယှက်ပြုလာနိုင်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် အဆိုပါညီလာခံအားကျောထောက်နောက် ခံပြုထားနိုင်ကြောင်းနှင့် ၎င်းညီလာခံမှအစပြု၍ လက်နက်ကိုင်တပ်ပေါင်းစု တစ်ခုပေါ်ပေါက်လာစေရန်ကြံဆောင်လာကြနိုင်ကြောင်းကိုလည်း နိုင်
ငံရေးလေ့လာသူများက သုံးသပ်ဝေဖန်လာကြသည်။
ထို့ကြောင့် ပန်ဆန်းမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခေါင်းချင်းဆိုင်ကြမည့် အဆိုပါညီလာခံမှထွက်ပေါ်လာသော ရလာဒ်များသည် တရုတ်အစိုးရ ၏ မြန်မာပြည်အပေါ်တွင်ထားရှိသော သဘောထားများဖြစ်လာ လိမ့်မည်လားဆိုသည် ကိုတော့ ဆက်လက်စောင့်ကြည့်ရပေအုံးမည်။
ဧရာဝတီ
No comments:
Post a Comment