Sunday, April 26, 2015

တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ သူရဦးရွှေမန်းတရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်

ရန်ကုန် ဧပြီ ၂၅

တရုတ်ကွန်မြူနစ်ပါတီ၏ ချစ်ကြည်ရေးဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ဗဟိုကော်မတီဝင် ဦးလှမြင့်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်တာဝန်ရှိသူများက ရန်ကုန်လေဆိပ်သို့လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးစိုးသာ၊ ပါတီဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်၊ ပါတီတွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးသိန်းဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတီခွန်မြတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါသွားကြသည်။

ယခုခရီးစဉ်သည်ပါတီချင်းဖိတ်ကြားသည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည်ယခင်အသင်းဘဝကတည်းကပင် ကောင်းမွန်သည့် ဆက်ဆံရေးများရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူးဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါခရီးစဉ်အတွင်းဘေဂျင်းနှင့်ကူမင်းသို့သွားရောက်ပြီးတရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့်လည်းတွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်မှာ ကာလလေးရက်ကြာမြင့်မည် ဖြစ်ပြီး ယခုလ ၂၉ ရက်တွင် ပြန်လည်ရောက်ရှိမည်။

ပြည်ထောင်စုနေ့စဉ်

No comments:

Post a Comment