4-4-2015
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ရွှေလီမြစ်ကြောင်းအနီး မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်ပိုင်နက် အငြင်းပွားနေသည့် မြေနေရာတွင် တရုတ်နိုင်ငံ က မြစ်ကူးတံတားတည်ဆောက်ရန် မြေတိုင်းတာမှုအဖြစ် တရုတ် နိုင်ငံ အလံကို ဧပြီ ၃ ရက်၌ လာရောက်စိုက်ထူခဲ့ခြင်းကြောင့် မြန်မာဘက်က ကန့်ကွက်ခဲ့ ကြောင်း သတင်းရရှိသည်။
‘‘မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူးကတော့ စာနဲ့ တရုတ်ဘက်ကို
အကြောင်းကြားလိုက်ပါပြီ။ စာထဲမှာ တရုတ်အနေနဲ့
မြစ်ကူးတံတားတည်ဆောက်ချင်တယ်ဆိုရင် ဒီဘက်ကို အစိုးရချင်း တရားဝင်
အဆိုပြုစာပို့ပေးဖို့ ထည့်သွင်း ထားပါတယ်။ နံနက်က(ဧပြီ ၃)ရှမ်းရွာတွေက
ရွာသားတွေ သွား ကန့်ကွက်တဲ့အတွက် တရုတ်ဘက်က လူတွေအားလုံး
ပြန်သွားတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ဒီလိုတံတားဆောက်မယ့်
ကိစ္စကတော့ အစိုး ရချင်းညှိနှိုင်းလုပ်ကိုင်ရမှာ ဖြစ်ပါ တယ်’’ ဟု
နိုင်ငံခြားရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားပြီး ယခုအခင်း ဖြစ်ပွားရာ နေရာမှာ ရွှေလီမြစ်ကြောင်း ပြောင်းနေသည့်အတွက် မြေနုကျွန်းပေါ်ပေါက်နေသည့် နေ ရာဖြစ်သည်။ ယင်းမြေနုကျွန်း ပေါ်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ရှမ်းရွာသားများ စိုက်ပျိုးထား သည့် စိုက်ခင်းများရှိနေပြီး နယ် နိမိတ်အတိအကျ တိုင်းတာပြီး သား မှတ်တမ်းမှတ်ရာများရှိသော် လည်း မြစ်ကြောင်းအနေအထား ကြောင့် နယ်ခြားမှတ်တိုင် မထူရ သေးသည့် နေရာအဖြစ် ကျန်ရှိ နေချိန်တွင် တရုတ်နိုင်ငံက မြစ် ကူးတံတားတည်ဆောက်ရန် အလံလာရောက်စိုက်ခြင်းလည်း ဖြစ် သည်။
‘‘နံနက် ၈ နာရီကျော် လောက်မှာ တရုတ်လက်နက်ကိုင် စစ်သား ၁၂ ဦးနဲ့ အဖွဲ့တွေ ရောက်လာတယ်။ မင်းတို့ခွင့်ပြု သည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ငါတို့ကတော့ ဆောက်မှာပဲဆိုပြီး စဲ့ဟိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကို ပြောတယ်။ စကားပြောတာ မောက်မာရိုင်းစိုင်းတယ်။ ပြီး တော့ တရုတ်နိုင်ငံအလံကို လာ စိုက်တယ်။ လက်နက်ကိုင်ပြီး ကျွန်တော်တို့ တိုင်းပြည်ထဲဝင်လာတာ သဘောမကျလို့ ကုန်းသာ၊ စဲ့ဟိုင်းနဲ့ မန်နောင်ရွာက ရွာသားအားလုံး ၅၁၂ ဦး သွားပြီး အင်အားပြကန့်ကွက်ခဲ့တယ်။ ခုလိုလုပ်တာ နှစ်ခါရှိပြီ။ အလံ တွေတော့ ပြန်ယူသွားပါတယ်’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းအောင်ဝင်းက ပြောသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်များ အတိအကျ တိုင်းတာသတ်မှတ်ထားသည်မှာ နှစ် ပေါင်း ၅၀ ရှိနေပြီး နယ်စပ်မျဉ်းများကို နှစ်ဖက်ပူးတွဲစစ်ဆေးမှုမှာ နှစ်ကြိမ်သာရှိသေးသည်။ မှတ်တိုင်အသစ်စိုက်ခြင်း၊ မှတ်တိုင်အဟောင်းများ ပြန်လည် တည်ဆောက်ခြင်းတို့ လုပ်ရန် လုပ်ငန်းစဉ်များ ကျန်ရှိနေပြီး မြန်မာဘက်က ပူးတွဲစစ်ဆေးမှုများ လုပ်ဆောင်ရန် ကမ်းလှမ်းထားသော်လည်း တရုတ်နိုင်ငံက အကြောင်း မပြန်သေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အဆိုပါ ညွှန်မှူးက ပြောသည်။
‘‘အခုဖြစ်တဲ့နေရာကို ဘယ်သူပိုင်တယ်ဆိုတာ ပြောရခက် တယ်။ နယ်နိမိတ်မြေပုံ အထောက် အထားတွေ ရှိပေမယ့် မြစ်ကြောင်း ပြောင်းနေတဲ့ နေရာဆိုတော့ မှတ် တိုင်မစိုက်ရသေးဘူး။ ဒါကြောင့် အငြင်းပွားနေတဲ့ နေရာလည်း ဖြစ်တယ်။ နှစ်နိုင်ငံနယ်စပ်မှာ အဲဒီလို မှတ်တိုင်စိုက်ရမှာတွေ အများကြီး ကျန်သေးတယ်။ နယ်နိမိတ် သတ်မှတ်ထားပြီး ပူးတွဲစစ်ဆေး ရေးလုပ်တာဆိုလို့ နှစ်(၂၀)မှ တစ် ခါလုပ်တဲ့အတွက် နှစ်(၅၀)အတွင်းမှာ နှစ်ခါလားပဲ စစ်ရပါသေး တယ်’’ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံဘက်က လက်နက်ဖြင့် လာရောက်ခြင်း၊ အလံစိုက်ခြင်း စသည့်ပုံများကို မှတ်တမ်းများ ရယူထားကြောင်း ဦးစိုင်းအောင်ဝင်းက ပြောသည်။
‘‘သူတို့က အုပ်ချုပ်ရေးမှူးကိုတောင် မနှစ်က တံတားထိုးဖို့ လက်မှတ်ထိုးပေးထားတယ်လေ လို့ ပြောတာ။ အုပ်ချုပ်ရေးမှူးက ငါလက်မှတ်ထိုးပေးတာ မြေတိုင်းဖို့အတွက်ပဲ။ ခုလို တံတားဆောက်ဖို့က နိုင်ငံတော်အကြီးအကဲတွေ လုပ်ရမှာ။ ခုပြန်လို့ မောင်းထုတ်လိုက်လို့ သူတို့ပြန်သွားတယ်’’ ဟု ၎င်းက ပြောသည်။
7 Day

No comments:
Post a Comment