4-4-2015
မြစ်ဆုံဆည်စီမံကိန်း အပြီးသတ် ရပ်ဆိုင်းမည့် အစီအစဉ်များ
သိရှိလိုသည့်မေးခွန်းကို ကချင်ပြည်နယ် လွှတ်တော်က ဧပြီ ၂ ရက်က ပြုလုပ်သည့်
အစည်းအဝေးတွင် ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။ယင်းမေးခွန်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအင်ဖရောင်းဂန်က “ယခုအစိုးရ လက်ထက်တွင် ရပ်နားထားသော ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းမည့် အစီအစဉ်များအား သိရှိလိုပါကြောင်း” တင်သွင်းခဲ့ခြင်းဖြစ်သည်။ ပယ်ချရသည့် အကြောင်းအရင်းမှာ ယခုအစိုးရလက်ထက်တွင် ရပ်နားထားသော မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းမှာ ပြည်ထောင်စုနှင့်သာ သက်ဆိုင်သောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် မေးမြန်းရန်သာ သင့်လျော်ပြီး ပြည်နယ်အစိုးရအနေဖြင့် အားလုံးကိုခြုံငုံ သုံးသပ်နိုင်ခြင်း မရှိသောကြောင့် ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပယ်ချခဲ့ကြောင်း သိရသည်။
မေးခွန်းမေးမြန်းသူ ဦးအင်ဖရောင်းဂန်က “ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြည်နယ်အစိုးရ စီရင်ပိုင်ခွင့်မရှိလို့ ပြည်ထောင်စု လွှတ်တော်မှာသာ ဆွေးနွေးသင့်တဲ့အကြောင်း ပြောလို့ မဆွေးနွေးခဲ့ရဘူး။ မြစ်ဆုံစီမံကိန်းကတော့ တွေ့တဲ့ပြည်သူတွေကလည်း မြစ်ဆုံစီမံကိန်းကို မရပ်စေချင်တဲ့လူမရှိဘူး။ မေးခွန်းမေးမြန်းရတဲ့ အကြောင်းက အခုအစိုးရ သက်တမ်းက ကုန်တော့မယ်။ ခုအစိုးရသက်တမ်းမှာပဲ ရပ်နားထားတာကိုး။ စိုးရိမ်လို့မေးတာပါ။ မြစ်ဆုံမှာ CPI အဖွဲ့တွေနဲ့ တွေ့တော့ ရစ်ခ်ျတာစကေး ကိုးလက်မကို အာမခံတယ် ပြောတယ်။ ကိုးလက်မကျော်လာရင် ဘယ်လိုလုပ်မလဲမေးတော့ ဘာမှမဖြေဘူး။ အဖြေကို ကွဲကွဲပြားပြား သိသင့်ပြီလေ” ဟုဆိုသည်။
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်းအား မြစ်ဆုံစီမံကိန်းနှင့် ဆက်လက်လုပ်ဆောင်မည် မလုပ်ဆောင်မည်ကို ၂၀၁၅ ခုနှစ် မတ် ၂၀ ရက် မြစ်ကြီးနား မြို့တော်ခန်းမတွင် သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် မိမိတို့အစိုးရမှာ ပြည်သူလူထုကရွေးသော အစိုးရဖြစ်သောကြောင့် ပြည်သူ့ဆန္ဒသည်သာ အဓိကဖြစ်ကြောင်း လူထုကို ဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်ရေကာတာ စီမံကိန်းကို ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ၃ နှစ်ပြည်ခဲ့ပြီ ဖြစ်သည်။ CPI ကုမ္ပဏီသည် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံယူနစ်ခန့်ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ် မေ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ မေခ-မလိခ နှင့် ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင် ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။
Eleven Media Group
No comments:
Post a Comment