Monday, April 20, 2015

တိုင်းရင်းသားညီလာခံ “ဝ” ဌာနချုပ်တွင် မေလ ၁ ရက်နေ့စမည်

20-4-2015

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ကိစ္စကို ဆုံးဖြတ်မည့် တိုင်းရင်းသားညီလာခံကို မေလ ၁ ရက်နေ့တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ဌာနချုပ် ပန်ဆန်း၌ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များက ပြောကြားသည်။

အဆိုပါ ညီလာခံကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင် ခေါင်းဆောင်များက ဆိုသည်။

အဆိုပါ ညီလာခံတွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား ညှိနှိုင်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတည်ပြုသွားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ဆိုသည်။

ယင်းအပြင် အပစ်ရပ်မူကြမ်းပေါ်တွင် ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကျင်းပမည့် ပုံသဏ္ဍာန်များကို ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ထံမှ သိရှိရသည်။

တိုင်းရင်းသားများဘက်မှ တောင်းဆိုထားသည့် အချက်များအပေါ် အစိုးရဘက်မှ သဘောတူနိုင်မှု အခြေအနေ အပစ်ရပ်မူကြမ်းအပေါ် ပြန်လည်သုံးသပ်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း NCCT ထံမှ သိရှိရသည်။

ယင်းညီလာခံတွင် အစိုးရဘက်မှ အသိအမှတ်ပြုထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ဖြစ်သော AA၊ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ပအိုဝ့်လက်နက်ကိုင် အဖွဲ့တို့ကိုပါ ဖိတ်ထားကြောင်း NCCT တာဝန်ရှိသူများက ဆိုသည်။

ယင်းထိပ်သီးညီလာခံမှ ထွက်ပေါ်လာမည့် အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် ပြန်လည်ညှိနှိုင်းမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများထံမှ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

ယင်းမူကြမ်းကို နှစ်ဖက်အဖွဲ့များ၏ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးထံတွင် တင်ပြပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးမည့်အချိန် နေရာနှင့် ပါဝင်လက်မှတ်ရေးထိုးမည့်သူ စာရင်းကို UPWC နှင့် NCCT အဖွဲ့ကြား ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရနှင့် NCCT အဖွဲ့တို့က ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment