Tuesday, April 21, 2015

ကိုးကန့် ပဋိပက္ခနှင့် ပတ်သက်၍ UNFC တိုက်တွန်းချက်ကို သမ္မတ လက်ခံမည် မဟုတ်ဟုဆို

21.4.2015

ကိုးကန့်ဒေသ ပဋိပက္ခများနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ၏ ဖက်ဒရယ် ကောင်စီ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ တိုက်တွန်းချက်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ခံ ညှိနှိုင်းမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အတွင်းရေးမှူး ဦးဇော်ဌေးက The Messenger Media သို့ ပြောသည်။


 ကိုးကန့် ပဋိပက္ခနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ (၁၃)ရက်နေ့တွင် UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ကိုးကန့် ပဋိပကများကို တွေ့ဆုံ ညှိနှိုင်းပြီး အဖြေရှာရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အချုပ်အခြာ အာဏာ ထိပါးလာတဲ့ အတွက် ဖုန်ကြားရှင်နဲ့ ညှိနှိုင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြွင်းမဲ့ လက်နက်ချရင်တော့ ဆွေးနွေးရဖို့ စဉ်းစားမယ် ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုသည်။



ယခုအခါ ကိုးကန့်ဒေသ တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ ဖုန်ကြားရှင်ဦးဆောင်သည့် MNDAA အဖွဲ့မှ စတင် တိုက်ခိုက်ခြင်း ဖြစ်၍ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖုန်ကြားရှင် အနေဖြင့် လက်နက်ချရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ ထိုသို့ ဆောင်ရွက်ခြင်း မရှိပါက နိုင်ငံတော် သမ္မတ အနေဖြင့် တွေ့ဆုံ ညှိနှိုင်းမည် မဟုတ်သည့် အပြင် UNFC ၏ တိုက်တွန်းချက် ကိုလည်း လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုးကန့်ဒေသ ငြိမ်းချမ်းဖို့ အတွက် အစိုးရနဲ့ ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကမ်းလှမ်းပြီး သွားပြီ။ သူတို့က လက်မခံတဲ့ အတွက် မတတ်နိုင်ဘူး။ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ် ဟု MNDAA အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းမြတ်လင်းက The Messenger Media သို့ ပြောသည်။ ကိုးကန့်ဒေသတွင် ဖုန်ကြားရှင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ လ (၉) ရက်နေ့မှ စတင်၍ လက်ရှိ အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment