Monday, April 6, 2015

မြန်မာ-တရုတ် နယ်နိမိတ်ကိစ္စ


Monday, April 6, 2015

ရှမ်းပြည်နယ် မြောက်ပိုင်း နမ်းခမ်းမြို့နယ် မြန်မာ-တရုတ် (၂)နိုင်ငံအကြား နယ်နိမိတ်နဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်း ချက် Link ကို တင်ပေးလိုက်ပါတယ်။
မြန်မာ-တရုတ် နယ်နိမိတ်သတ်မှတ်ချက်နဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် နှစ်နိုင်ငံ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ နှစ်ဖက်ကွင်းဆင်းအဖွဲ့တွေဟာ နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ စာချုပ်/မြေပုံများကို အခြေခံပြီး ကျွမ်းကျင်သူအဆင့်တွင် ပူးတွဲ ကွင်းဆင်း စစ်ဆေးခြင်း (Joint Inspection) ကို ဆောင်ရွက်ခဲ့ပါတယ်။

ဒီပူးတွဲကွင်းဆင်းစစ်ဆေးခြင်းအရ -
- ယခင်က နယ်နိမိတ်မျဉ်းတစ်လျှောက် စီးဆင်းခဲ့တဲ့ ရွှေလီမြစ်ဟာ ဒီနေ့အချိန်မှာ ရေစီးကြောင်း ပြောင်းပြီး နယ်နိမိတ်မျဉ်းတစ်လျှောက် စီးဆင်းခြင်း မရှိတော့တာကို တွေ့ရှိရပါတယ်။
- နယ်နိမိတ်မျဉ်း သွယ်တန်းရာ နေရာဟာ ဒီကနေ့ ရွှေလီမြစ် မဟုတ်တော့ဘဲ မြေနုကျွန်း (ကုန်းမြေ) တွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

- လက်တွေ့မှာတော့ ရွှေလီမြစ်ကို နယ်နိမိတ်အဖြစ် ကာလရှည်ကြာ သတ်မှတ်ထားခဲ့ကြတာ ဖြစ်တဲ့အတွက် မြစ်ကြောင်းပြောင်းလဲမှုကို သတိမပြုမိဘဲ အငြင်းပွားမှုတွေ ဖြစ်လာခဲ့ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာမှုတွေကို ပူးတွဲပြုလုပ်ခဲ့ပြီးတော့ နယ်နိမိတ်ဆိုင်ရာ သဘောတူစာချုပ်တွေ၊ မြေပုံတွေ ရှိပါတယ်။

ဒီစာချုပ်တွေနဲ့ မြေပုံတွေကတော့ -
 
(၁) ၁-၁၀-၁၉၆၀ ရက်နေ့တွင် ပေကျင်းမြို့၌ ဝန်ကြီးချုပ် ဦးနုနှင့် ချူအင်လိုင်းတို့ လက်မှတ်ရေးထိုးခဲ့သည့် ၁၉၆၀ ပြည့်နှစ် နယ်နိမိတ်စာချုပ် (Boundary Treaty) ၊
 
(၂) ၁၃-၁၀-၁၉၆၀ ရက်နေ့တွင် ပေကျင်းမြို့၌ ဝန်ကြီးချုပ် ဦးနုနှင့် ချူအင်လိုင်းတို့ လက်မှတ်ရေးထိုးခဲ့သည့် ၁၉၆၁ ခုနှစ် နယ်နိမိတ်အခြေပြစာချုပ် (Protocol) ၊
 
(၃) ၂၂-၆-၁၉၉၅ ရက်တွင် ပေကျင်းမြို့၌ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးညွန့်ဆွေနှင့် တန်ကြားရွှန်တို့ လက်မှတ်ရေးထိုးခဲ့သည့် ၁၉၉၅ ခုနှစ် ဒုတိယအကြိမ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ နယ်နိမိတ် အခြေပြစာချုပ် (Protocol) နှင့် အဆိုပါ နယ်နိမိတ် စာချုပ်နှင့်အခြေပြ စာချုပ်များတွင် ပူးတွဲထားသည့် နယ်နိမိတ်မြေပုံများပဲ ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်တွေဟာ ကာလရှည်ကြာလာတာနဲ့အမျှ မြေမျက်နှာပြင် ပထ၀ီအနေအထား ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေ ပြေပြေလည်လည် ဖြစ်ဖို့အတွက်“ပြန်လည်တိုင်းတာခြင်း” ဆောင်ရွက်ဖို့ လိုပါတယ်။
 
ဒီလိုမျိုး နယ်နိမိတ် တိုင်းတာခြင်းကို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေ ဦးဆောင်တဲ့ ပူးတွဲကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရပြီး လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိဖို့ လိုအပ်ပါတယ်။
မြန်မာ-တရုတ်နယ်နိမိတ် စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ နယ်နိမိတ် တစ်ခုလုံး ပူးတွဲစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရပါတယ်။ ပထမအကြိမ် ပူးတွဲစစ်ဆေးခြင်းကို ၁၉၈၆ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ပူးတွဲ စစ်ဆေးခြင်းကို ၁၉၉၅ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ (နယ်နိမိတ်တစ်ခုလုံးကို ပြန်ပြီး တိုင်းတာတာ ဖြစ်ပါတယ်)
 
(ရေရှည်အတွက်)
 
လက်ရှိအချိန်မှာ နိုင်ငံတော်အဆင့် တတိယအကြိမ် ပူးတွဲ စစ်ဆေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာအနေနဲ့ နှစ်ဖက် သံတမန် လမ်းကြောင်းကနေ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒါက ရေရှည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်ဖို့ ဖြစ်ပါတယ်။

(ရေတိုအတွက်)
 
မလိုအပ်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ခြင်းဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အထောက်အကူ မရဘူး ဆိုတာကိုလည်း နှစ်ဖက် အသိပေးထားပြီး ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ အငြင်းပွား နေရာဒေသတွေမှာ ကျွမ်းကျင်သူအဆင့် ပူးတွဲ ကွင်းဆင်း စစ်ဆေးခြင်း (Joint Inspection) ကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။ ဒါက လက်ရှိအငြင်းပွားမှုတွေ ပြေပျောက်စေဖို့ပဲ ဖြစ်ပါတယ်။
အဓိက တင်ပြချင်တဲ့အချက်ကတော့ နှစ်နိုင်ငံနယ်နိမိတ်အဖြစ် ရွှေလီမြစ်ကို သတ်မှတ်ထားခဲ့ကြတဲ့အတွက် အခုလို မြစ်ကြောင်း ပြောင်းလဲသွားတဲ့အချိန်မှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာလည်း သဘာဝတရားအရ ဖြစ်တတ်တဲ့ သဘာဝပဲ ဖြစ်ပါတယ်။ ဒီသဘာဝကို နားလည်ပြီး နှစ်ဖက်ညှိနှိုင်းဖြေရှင်းသွားမယ် ဆိုရင် ပဋိပက္ခတွေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

[လွှတ်တော်၌ နိုင်ငံခြားရေးဝန်ကြီး၏ ရှင်းလင်းတင်ပြချက် ဖတ်ရှုရန် :http://www.president-office.gov.mm/…]

Hmuu Zaw

No comments:

Post a Comment