5.4.2015
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဆီလီကွန် သတ္တုကျောက်များ သယ်ဆောင်လာသည့် ယာဉ် ၂၈ စီးကို တားဆီးခံထားရမှု တစ်လကျော် ကြာမြင့်လာသည်အထိ ဖြတ်သန်းခွင့် မရသေးကြောင်း ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ လုံခြုံစီမံတာဝန်ခံ ဦးအောင်ဝင်းက ပြောကြားသည်။
နမ့်ခမ်းမြို့လယ်တွင် အဆိုပါယာဉ် ၂၈ စီးကို ကျားခေါင်းပါတီဝင် အချို့၊ ကျားဖြူပါတီဝင် အချို့နှင့် ဒေသခံများက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပိတ်ဆို့တားဆီးခဲ့သဖြင့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က နှစ်ဖက်တင်းမာမှုကို ညှိနှိုင်းပေးမည်ဟုဆိုကာ ကျောက်များ သယ်ဆောင်မှုကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ယင်းကိစ္စနှင့် ပတ်သက်၍ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် နှစ်ဖက်တင်ပြချက်များကို ပြည်နယ်အစိုးရထံသို့ တင်ပြမည်ဟု ပြောဆိုကာ ကျောက်သယ်ဆောင်မှုကို ဆိုင်းငံ့ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောဆိုသည်။
ဆီလီကွန် သတ္တုကျောက်များ တင်ဆောင်ထားသည့် ကားများကို နမ့်ခမ်းမြို့ ဘော်လုံးကွင်းနှင့် ကားပိုင်ရှင်များ၏ နေအိမ်ခြံဝင်းတွင် ရပ်ထားရာ မတ်လ ၁၀ ရက်နေ့ ညပိုင်းတွင် သတ္တုတင်ထားသည့် ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရ၍ ကားအောက်ပိုင်းနှင့် အင်ဂျင်ပိုင်း အနည်းငယ် ပျက်စီးသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အပြင် အခုထက်ထိလည်း ဘာမှ အခြေအနေ ထူးခြားမလာတော့ ကားသမားတွေက ကြန့်ကြာမှုအတွက် စကားပြောလာတာတွေ ရှိတယ်။ ဒါကြောင့် သတ္တုကျောက်တွေကို ကားပေါ်ကချပြီး ဘောလုံးကွင်းထဲမှာ ဒီအတိုင်းပဲ စုပုံထားရပါတယ်” ဟု ၎င်းက ဆိုသည်။
သတ္တုတူးဖော်ရာမှ စွန့်ပစ်သည့် မြေစာများမှာ မိုးရွာသွန်းသည့် အချိန်တွင် နမ့်ဆရီးချောင်းအတိုင်း မျောပါလာကာ လယ်ယာမြေများအတွင်း ဖုံးလွှမ်းမှုကြောင့် လယ်မြေဧက ၁၀၀ ကျော် စိုက်ပျိုးသီးနှံနှင့် မြေဆီမြေလွှာများ ပျက်စီးထိခိုက်ခဲ့ကြောင် နစ်နာသူ တောင်သူများက ပြောကြားသည်။
ယင်းသို့ နစ်နာမှုနှင့် ပတ်သက်၍ ကုမ္ပဏီက လျော်ကြေးများ ထုတ်ပေးသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် မကာမိကြောင်း၊ လျော်ကြေးငွေဖြင့် မြေကို ပြန်လည်ပြုပြင်ရန် မလောက်ငသည့်အပြင် နောက်ထပ် သီးနှံလည်း မစိုက်ပျိုးနိုင်၍ နစ်နာမှုများ ရှိကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ အားလုံး ထာဝရ ရပ်တန့်သွားရေးဟူသော ရည်ရွယ်ချက်ဖြင့် အစိုးရထံ တင်ပြတောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျားခေါင်းပါတီမှ ဦးစိုင်းထွန်းလှိုင်က ပြောကြားပြီး ယင်းတောင်းဆိုမှုကို လွှတ်တော်အသီးသီးသို့ တင်ပြဆောင်ရွက်မည် ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ အတွင်းရေးမှူး ဦးစိုင်းထွန်းလှက ပြောဆိုသည်။
နမ့်ခမ်းမြို့နယ် အတွင်းတွင် သတ္တုကျောက်တူးဖော်ရေး လုပ်ငန်းများ လုပ်ပိုင်ခွင့် ချထားပေးလျှင် ဒေသခံများ၏ သဘောဆန္ဒကို ကနဦး ရယူရန်လိုကြောင်း၊ ဒေသခံများ၏ သဘောဆန္ဒ မပါဘဲ ခွင့်ပြုချက်များ ထုတ်ပေးနေမည်ဆိုလျှင် ဒေသခံများသာလျှင် နစ်နာဆုံးရှုံးမှုများ လက်တွေ့ခံစားကြရမည် ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အဖွဲ့ဝင်နှင့် (SNLD) ကျားခေါင်းပါတီ အမှုဆောင်တစ်ဦး ဖြစ်သူ ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။
“ခွင့်ပြုချက်ကို ဘယ်သူ ဆိုင်းထိုးသလဲ။ သမ္မတ ထိုးထာလား။ ဝန်ကြီး ထိုးတာလား။ သူတို့က အဲဒီလို ထိုးပေးမယ်ဆိုရင် သူတို့နေတဲ့ နေပြည်တော်မှာဘဲ သတ္တုကျောက်သွားတူးပေါ့” ဟု ၎င်းကဆိုသည်။
ကုမ္ပဏီအနေနှင့် နမ့်ဆရီးချောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်ငွေကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ပြီး နမ့်ဆရီး ချောင်းရိုးတစ်လျှောက် စက်ယန္တရားများဖြင့် တူးဖော်ရှင်းလင်းပေးခဲ့ကြောင်း ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ လုပ်ငန်းတာဝန်ခံ ဦးအိုက်ချစ်က ပြောကြားသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး ၎င်းတို့ သတ်မှတ်သည့် နှုန်းထားများအတိုင်း လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလိမိတက်မှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော ကုမ္ပဏီဖြစ်ပြီး တူးဖော်ထုတ်လုပ် သယ်ဆောင်လာသည့် ဆီလီကွန် သတ္တုကျောက်များမှာလည်း တရားဝင် ပို့ကုန်လိုင်စင် ရှိသော သတ္တုကျောက်များ ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောကြားသည်။
The VOICE
No comments:
Post a Comment