မုံရွာ၊ ဧပြီ ၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံသည့် ပဋိပက္ခကြောင့် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဧပြီလ ၉ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် တရားရုံးက အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ ယင်းရုံးချိန်းမှ ပြန်လာသည့် မိုးကြိုးပြင်ရွာခံများ လိုက်ပါလာသည့် ထော်လာဂျီမှာ မုံရွာ-ပုသိမ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ခဲ့သဖြင့် ဒေသခံ ...၂၃ ဦး ဒဏ်ရာရရှိခဲ့ကာ ထော်လာဂျီမှာ ယင်းလမ်းမဘေး မြောင်းအတွင်း ထိုးကျခဲ့သည်ဟု မိုးကြိုးပြင်ရွာခံ များက ပြောကြားသည်။
ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဒေါ်ခင်ဝင်း အမှု ရုံးချိန်းကို သွားရောက်၍ ပြန်လာကြသည့် တောင်သူများ စီးနင်းလာသော ထော်လာဂျီသည် ဆားလင်းကြီးမြို့ အထွက် မြောက်ဘက် မုံရွာ-ပုသိမ် လမ်းမဘေးတွင် ချရပ်ထားသော်လည်း အခြားကားတစ်စီးက ရည်ရွယ်ချက်ရှိရှိ ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် မိုးကြိုးပြင်အလယ်ရွာနှင့် မြောက်ရွာမှ တောင်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု လက်ပံတောင်းအရေး လှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ကြေးနီတူးဖော်မှု စတင်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကူအညီ ရယူ၍ ဝမ်ပေါင်ကုမ္ပဏီက ၂၀၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စီမံကိန်း နယ်နိမိတ် ခြံစည်းရိုး ကာရံခဲ့ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ယင်းသေဆုံးမှုကို ဆားလင်း ကြီးမြို့နယ် တရားရုံးက ပြစ်မှုထွေအမှု အမှတ် ၂/၂၀၁၅ သေမှုသေခင်းဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဧပြီလ ၉ ရက်နေ့ ရုံးချိန်းတွင် ဆားလင်းကြီး မြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီးက ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဘဲ ပယောဂကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
ရုံးချိန်းမှအပြန် ထော်လာဂျီ တိမ်းမှောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများအား ဆားလင်းကြီး မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသမှု ပေးနေပြီး ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားပြီဟု မိုးကြိုးပြင် အလယ်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
လက်ပံတောင်း ပဋိပက္ခတွင် မိုးကြိုးပြင် အလယ်ရွာမှ ဒေသခံဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို သေဆုံးပြီး တစ်လကျော်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ်တရားရုံး၌ မိုးကြိုးပြင် အလယ်ရွာမှ သက်သေများကို စတင်စစ်ဆေးခဲ့ပြီး ယနေ့တွင် အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ဒေါ်ခင်ဝင်းသေဆုံးခဲ့တာမှာ ဒီနေ့ အမိန့်ချမှတ်ခဲ့ပေမယ့် တရားခံမပေါ် တဲ့အတွက် ဒီနေ့တရားရုံးမှာလည်း ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ တရားရုံးရှေ့မှာ ဆန္ဒ ဖော်ထုတ် ခဲ့တာပါ။ လူသတ် မြေသိမ်းနေတဲ့ ကြေးနီစီမံကိန်း အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ခဲ့ပါတယ်” ဟု မိုးကြိုး ပြင်အလယ်ရွာမှ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:
Post a Comment