Tuesday, April 7, 2015

ကိုးကန့်တိုက်ပွဲများကြောင့် တရုတ်ဘက်အခြမ်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ခုနစ်သောင်းကျော် ရောက်ရှိဟု WFP ထုတ်ပြန်


ရန်ကုန်၊ ဧပြီ ၇

နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော တရုတ်-မြန်မာ နယ်စပ်အနီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ တို့၏ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ ဘက်အခြမ်းတွင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သောင်းကျော် ရောက်ရှိနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ကိုးကန့်ဒေသခံ စစ်ဘေး ရှောင်ဒုက္ခသည်များမှာ နယ်စပ်ဖြတ်ကျော်ပြီးနောက် တရုတ်နိုင်ငံရှိ ကယ်ဆယ်ရေး စခန်းခုနစ်ခုနှင့် ကျေးရွာသုံးရွာသို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိပြီး ဒုက္ခသည်များ လူသားချင်း စာနာမှု အကူအညီများကို တရုတ်နိုင်ငံ အစိုးရနှင့် ဒေသခံ ကြက်ခြေနီအဖွဲ့များက ထောက်ပံ့လျက်ရှိကြောင်း ထုတ်ပြန်ချက် အတွင်း ပါရှိသည်။



အလားတူ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၁၂၅ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွင်လည်း ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော်ရှိပြီး ကိုးကန့်ဒေသနှင့် နီးကပ်သော မြန်မာနိုင်ငံ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ နမ့်တစ်ဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင်လည်း လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိကြောင်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းလုပ်သား အများစုမှာ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်ကြသော်လည်း ဒေသခံတိုင်းရင်းသားများ မှာမူ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံဘက် အခြမ်းသို့သာ အများဆုံး ဝင်ရောက်လေ့ရှိကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီအဖွဲ့ဝင် ဒေါက်တာသိန်းမြို့က ရှင်းပြသည်။

“ရွှေ့ပြောင်းလုပ်သားတွေက ပြည်မကိုပဲ ပြန်တာပေါ့။ သူတို့ကို စစ်ဘေးကြောင့် နေရပ်ကို ပြန်တဲ့လူတွေလို့ ပြောရမယ်၊ ဒါပေမဲ့ ဟိုဒေသခံတွေကတော့ သူတို့ နေတဲ့နေရာမှာ တိုက်ပွဲဖြစ်တာကိုး အဲဒီတော့ သွားရလာရလွယ်တဲ့ တရုတ်နိုင်ငံဘက်ကိုပဲ ကူးသွားကြတာများတယ်။ စစ်ပွဲ မပြီးမချင်းတော့ ဒီဘက်ကို ပြန်ဝင်လာမယ် မထင်ဘူး” ဟု ၎င်းကဆိုသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား အများစုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဖြစ်ပြီး တိုက်ပွဲများကြောင့် နေရပ်ပြန်သူ ခုနစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စတင်ဖြစ်ပွားသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တို့၏ တိုက်ပွဲများမှာ နှစ်လနီးပါး ကြာမြင့်လာသည် အထိ ရပ်တန့်ခြင်း မရှိသေးပေ။

The VOICE

No comments:

Post a Comment