Friday, April 3, 2015

တပ်မတော်၏ ဗုံးဒဏ်ကြောင့် သေဆုံးသူ တရုတ်နိုင်ငံသားများကို လျော်ကြေးပေးမည်ဟု နိုင်ငံတော်သမ္မတရုံးဆို

ရန်ကုန်၊ ဧပြီ ၂

တရုတ်-မြန်မာ နယ်စပ်အနီးရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်လေယာဉ်၏ ဗုံးဆန်ကျရောက်မှုကြောင့် သေဆုံးသွားသော တရုတ်နိုင်ငံသားများအတွက် လျော်ကြေးငွေပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကန့်ဒေသအတွင်း မြန်မာဘက်ခြမ်းမှ ပစ်လွှတ်လိုက်သော ဗုံးတစ်လုံး တရုတ်နယ်မြေ အတွင်းသို့ ကျရောက်ပြီး တရုတ်လူမျိုးများ သေဆုံးခဲ့ရာတွင် အဆိုပါဗုံးသည် မြန်မာတပ်မတော်ပိုင် လေယာဉ်များမှ ပစ်လွှတ်လိုက်သော ဗုံးဖြစ်ကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံကို ဝန်ခံတောင်းပန်ကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနများတွင် ဖော်ပြချက်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။


“ကျွန်တော်တို့ လျော်ကြေးငွေ ပေးအပ်သွားမှာပါ။ ဘယ်လောက်ပေးမလဲ ဆိုတာတော့ နှစ်ဖက် ညှိနှိုင်းစစ်ဆေးရေး အဖွဲ့တွေကနေ တစ်ဆင့် ညှိနှိုင်းရဦးမှာပေါ့။ ကျွန်တော်တို့ လုပ်ရပ်အတွက် တာဝန်ယူပြီး ဖြေရှင်းပေးမှာပါ။ ဒီလို တာဝန်ခံ ဖြေရှင်းလိုက်တာက နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း မထိခိုက်စေချင်လို့ပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံဘက် အခြမ်းသို့ ဗုံးကျရောက်မှုတွင် တာဝန်ရှိသော တပ်မတော်ပိုင်းကလည်း သက်ဆိုင်ရာ အရာရှိများကို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အင်အားကြီး နိုင်ငံများအကြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ အနေနှင့် နှစ်နိုင်ငံ နယ်စပ်ပြဿနာများကို ကိုင်တွယ်ရာတွင် ထိလွယ်ရှလွယ် အခြေအနေအောက်တွင် ရောက်ရှိနေကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်ပြပြောဆိုသည်။
“ဒါက နယ်စပ်ဒေသတွေမှာ ဖြစ်တတ်တဲ့ သဘောပေါ့။ ကိုယ့်နိုင်ငံဘက်အခြမ်း ဆိုပြီး စည်းတားထားတာ မဟုတ်တော့ ဝေဟင်က ကြည့်တဲ့အခါ လွဲမှားတာတွေ ဖြစ်မှာပေါ့။ အဲဒီအတွက် တာဝန်ယူ ဖြေရှင်းတာ ကောင်းပါတယ်။ တရုတ်အနေနဲ့လည်း ကိုးကန့်တပ်တွေ ဘာလုပ်လုပ် မျက်စိမှိတ်မနေဖို့၊ အပြန်အလှန် အိမ်နီးချင်းကောင်း ပီသဖို့ လိုတာပေါ့” ဟု ၎င်းကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်အနီးတွင် မြန်မာ့တပ်မတော်က ကိုးကန့် လက်နက်ကိုင်တပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း အဆိုပါ တရုတ်နိုင်ငံဘက် အခြမ်းသို့ ကျရောက်သော ဗုံးသည် မြန်မာ့တပ်မတော်လေယာဉ်မှ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပြီး ဗုံးကျရောက်မှုကို မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနောက် မတ်လ ၁၈ ရက်နေ့တွင် သေဆုံးသူ တရုတ်နိုင်ငံသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၁၂၀၀ ဝန်းကျင်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ခုနစ်သောင်း ပေးအပ်ရန် မြန်မာအစိုးရက ကမ်းလှမ်းကြောင်း မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးကို ကိုးကားပြီး တရုတ်နိုင်ငံ အစိုးရပိုင် သတင်းဌာနများက ဖော်ပြခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးကမူ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့သည်။

The Voice

No comments:

Post a Comment