Sunday, May 24, 2015

MNDAA သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်ထားသော ပွိုင့်-၁၇၈၈ တောင်ကုန်းအား သိမ်းပိုက်ရရှိ

နေပြည်တော် မေ ၂၂

ဖုန်ကြားရှင် ဦးစီး MNDAA သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန် ဒေသ စီကော်လျံဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့ပြီး သောင်းကျန်းသူအကြွင်းအကျန်များကိုပါ ဆက်လက် အောင်မြေချဲ့ ရှင်းလင်းတိုက်ထုတ်လျက်ရှိရာ ဆုတ်ခွာထွက်ပြေးသွားသော သောင်းကျန်းသူများသည် တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်း လာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှဝင်ရောက်ပြီး မာလုရွှေဒေသအတွင်းရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြုခံစစ်ဆင်ခဲ့သည်။

မာလုရွှေဒေသအတွင်း MNDAA သောင်းကျန်းသူများ အခိုင်အမာအခြေပြု ခံစစ်ဆင်ထားသော တောင်ကုန်းများအား တပ်မတော်စစ်ကြောင်းများက မေလ ပထမပတ်မှစတင်၍ တိုက်ခိုက်ချေးမှုန်းခဲ့ရာ မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပွိုင့်-၁၆၀၇ တောင်ကုန်း ပွိုင့်-၁၇၀၉ တောင်ကုန်းနှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအား သိမ်းပိုက်ရရှိခဲ့ပြီး သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေး၍ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ်(၁၁၁)အနီးရှိ ပွိုင့်-၁၇၈၈ တောင်ကုန်းတွင် အခြေပြုခံစစ်ဆင်ခဲ့သည်။


ပွိုင့်-၁၇၈၈ တောင်ကုန်းအား တပ်မတော်စစ်ကြောင်းများက မေ ၂၁ ရက် နံနက် ၁၀ နာရီမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့ရာ သောင်းကျန်းသူများက မြေအနေအထား အသာစီးရယူကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်အားသုံး ခုခံတိုက်ခိုက်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများကလည်း အမြောက်ပစ်ကူ၊ ခြေလျင် လက်နက်ကြီးပစ်ကူရယူပြီး ရဲရဲဝံ့ဝံ့ချဉ်းကပ်တိုက်ခိုက်ချေမှုန်းခဲ့ခြင်းကြောင့် ည ၈ နာရီတွင် ပွိုင့်-၁၇၈၈ တောင်ကုန်းအား အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ဆုတ်ခွာ ထွက်ပြေးသွားသော သောင်းကျန်းသူများအား အမြစ်ပြတ်လိုက်လံတိုက်ခိုက်ချေမှုန်း လျက်ရှိသည်။

ဖြစ်စဉ်တွင် MNDAA သောင်းကျန်းသူများထံမှ အလောင်း ၈ လောင်း၊ အာရ်ပီဂျီ ၂ လက်နှင့် ကေ(၁၂)သေနတ် ၂ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကာ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ တပ်မတော်ဆေးရုံများသို့ အမြန်ဆုံးပို့ဆောင်ကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI

No comments:

Post a Comment