Sunday, May 3, 2015

ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်များ မီဒီယာများ မဖော်ပြရန် တပ်မတော် ကြေညာ

May 4, 2015

တပ်မတော်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို မတရားအသင်းအဖြစ် သတ်မှတ်ထားသောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ အစည်းအဝေးပွဲကို တက်ရောက်နေသော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို မဖော်ပြရန် တပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။


 အဆိုပါ ထုတ်ပြန်ချက်တွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ၏ သတင်းထုတ်ပြန်ချက်များကို သတင်းမီဒီယာများ အနေနှင့် ရုပ်သံထုတ်လွှတ်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းတို့ လုပ်ဆောင်မည် ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ထုတ်ပြန်ခြင်းသည် တပ်မတော်အနေနှင့် လတ်တလော အနေအထားအရ ကန့်သတ်လိုက်သော သဘောဖြစ်ကြောင်း၊ သို့သော် မတရားအသင်း ပုဒ်မ ၁၇/၁ သည် သတင်းသမားများကို ခြိမ်းခြောက်နေသည့် ပုဒ်မများ ဖြစ်သောကြောင့် အဆိုပါ ပုဒ်မများကို ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးသီဟစောက ပြောဆိုသည်။

“သူတို့ကတော့ ထုတ်ပြန်လိုက်ပြီး ဒါကို သတင်းမီဒီယာတွေ အနေနဲ့ ဖော်ပြရင်တော့ ရင်ဆိုင်ဖို့ပဲရှိတယ်။ ဒီမတရားအသင်း ပုဒ်မ ၁၇/၁ မပြင်ရင်ကတော့ ဒီကိစ္စမှတင် မဟုတ်ဘူး။ တခြားကိစ္စတွေမှာပါ ဒီလိုပဲ ဖြစ်နေဦးမှာပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးရာရောက်ပြီး လိုအပ်လျှင် အချိန်မရွေး အရေးယူနိုင်သည့် သဘောမျိုး သက်ရောက်နေကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ၏ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“ပြည်တွင်းမီဒီယာတွေ အနေနဲ့က ကိုးကန့်တပ်ဖွဲ့ကို အသားပေး ရေးသားနေတာလည်း မတွေ့ရပါဘူး။ ကျင့်ဝတ်နဲ့အညီ ဖော်ပြပါ၊ ရေးသားဖို့ တိုက်တွန်းရင်တော့ တစ်မျိုးပေါ့။ အခုဟာက ဥပဒေနဲ့အညီ အရေးယူမယ် ဆိုတာတော့ ခြိမ်းခြောက်ရာ ရောက်တယ်” ဟု ၎င်းက ပြောကြားသည်။
 ကမ္ဘာ့နိုင်ငံအသီးသီး၏ သတင်းလွတ်လပ်ခွင့် ညွှန်ကြားကိန်းများကို နှစ်စဉ် ထုတ်ပြန်ပေးနေသော Freedom House ၏ ထုတ်ပြန်ချက်အရ ယခုနှစ်၏ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၄ အဆင့်ရှိပြီး မနှစ်ကထက် တစ်ဆင့်တက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

The Voice

No comments:

Post a Comment