- မင်းညီ | ဘာသာပြန်ဆိုသည် ]
မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ပဋိပက္ခများကြားတွင် တရုတ်အစိုးရသည် ကာလရှည် ပါဝင်ပတ်သက်မှုရှိခဲ့သည်။ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တိုးပွားနေသည့် မြန်မာနိုင်ငံတွင် တရုတ်တို့၏စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုမရှိလာစေရန် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေမှုကို ရှောင်ကြဉ်ပြီး အခြားနည်းဗျူဟာသစ်တစ်ခုဖြင့် ချဉ်းကပ်သင့်ကြောင်းကို The Diplomat တွင် ဆောင်းပါးရှင် Ramya PS ဝေဖန်သုံးသပ်ထားရာ . . .
မြန်မာနိုင်င်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအတွက် ငြင်းခုံစရာနဲ့ တွေးတောစရာတွေ အများကြီးဖြစ်ပေါ်စေ ခဲ့တယ်။ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် နိုင်ငံရေးအ ပြောင်းအလဲတွေဟာ သတိထားစရာနဲ့ စိတ်ဝင်စားစရာ တွေပေါ့။ အနည်းဆုံးတော့ တရုတ်နိုင်ငံအတွက် လှုပ်ခတ် စေခဲ့ပါတယ်။
တရုတ် - မြန်မာ ဆက်ဆံရေးကို ကြည့်မယ်ဆို ရင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးက အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ဝန်ကြီးချုပ်ဦးနုလက်ထက်(၁၉၄၈မှ ၁၉၆၂) အတွင်းမှာ တရုတ်-မြန်မာဆက်ဆံရေးဟာ ချစ်ကြည် ရင်းနှီးမှုရှိခဲ့ပေမယ့် သတိကြီးကြီးထားပြီး ဆက်ဆံခဲ့တဲ့ အနေအထားပါ။ အထူးသဖြင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) မြန်မာနိုင်ငံထဲကို ဝင်ရောက်တိုက် ခိုက်နှောင့်ယှက်ခဲ့တဲ့ ၁၉၅၂ခုနှစ်မှာတော့ မြန်မာအစိုးရ ဟာ အိမ်နီးချင်းတရုတ်နိုင်ငံကို သတိကြီးကြီးနဲ့ဆက်ဆံ ခဲ့ပါတယ်။ PLA ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည် နယ်မှာ ခြေကုပ်ယူပြီး တရုတ်အစိုးရကို ပုန်ကန်နေတဲ့ ကူမင်တန်(တရုတ်ဖြူတပ်)တွေကို ချေမှုန်းတိုက်ခိုက်ခဲ့ပါ တယ်။ ၁၉၅၄ခုနှစ်အရောက်မှာ
တော့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အခြေပြုပြီး နှစ်နိုင်ငံ
အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အစပျိုးကျင့်သုံး
ခဲ့ပါတယ်။
၁၉၆ဝပြည့်နှစ် ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ တရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် တရုတ်-မြန်မာ ဆက် ဆံရေးဟာ ပွတ်တိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေ ကို ပြန်လည်တုံ့ပြန်ဖို့ တရုတ်အစိုးရက ကျောထောက် နောက်ခံပြုထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အချို့ လက်နက်ကိုင်အင်အားစုတွေဟာ မြန်မာပြည်မြောက်ပိုင်း (တရုတ်-မြန်မာနယ်စပ်)မှာ တော်လှန်ပုန်ကန်မှုတွေ လုပ် ဆောင်ခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ ယဉ်ကျေးမှုတော် လှန်ရေးဟာ မြန်မာပြည်အထိပျံ့နှံ့သွားခဲ့ပြီး ပြည်တွင်းမှာတရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၈ဝပြည့်နှစ်နောက်ပိုင်းမှာတော့ နှစ်နိုင်ငံဆက် ဆံရေး အသင့်အတင့် ပြန်လည်ကောင်းမွန်လာပါတယ်။
တရုတ်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ဟာ မြန်မာပြည် ကို လာရောက်လည်ပတ်ခဲ့ပြီး မြန်မာသမ္မတ ဦးနေဝင်း နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်အစိုးရ ဟာ ဗမာပြည်ကွန်မြူနစ်အပေါ် ငွေကြေးထောက်ပံ့မှုတွေ ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲတွေနဲ့ ခနော်နီခနော်နဲ့ဖြစ်နေတဲ့ကာ လပါ။ အာဏာရှင်ဦးနေဝင်းရဲ့ တခါးပိတ်စီးပွားရေးမူဝါဒကြောင့် တိုင်းပြည်ဟာ ကမ္ဘာ့အလယ်မှာ အထီးကျန်ခဲ့ ရပြီး စီးပွားရေးလည်း ချွတ်ခြုံကျခဲ့ရပါတယ်။ အကျိုးဆက် ကတော့ ၁၉၈၈ခုနှစ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ တစ်နိုင်ငံလုံးဖြစ်ပေါ်ခဲ့ပါတယ်။ ဦးနေဝင်းရဲ့သြဇာ အာဏာသက်ရောက်မှုရှိတဲ့ စစ်တပ်က အာဏာသိမ်း လိုက်ပါတယ်။
၁၉၈၈ခုနှစ်ကစပြီး တရုတ်-မြန်မာဆက်ဆံရေး ဟာ ကဏ္ဍစုံမှာ နီးနီးကပ်ကပ်ရှိခဲ့ပြီး တရုတ်ဟာ မြန်မာ နိုင်ငံအတွက် အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံဖြစ်လာပါတယ်။ ၁၉၈၈ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုလည်း မြန်မာအစိုးရက အသိအမှတ်မပြုခဲ့ပါဘူး။ ဒါ့အပြင် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ NLD ပါတီကိုလည်း အာဏာလွှဲပြောင်းခြင်း မပြုခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံမှာလည်း တိရင်နန်မန်(တိန့်အန်မင်)ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရ ကို ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တရုတ်အာဏာပိုင်တွေ က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ တရုတ်- မြန်မာဆက်ဆံရေးရဲ့ အဓိကဆူးငြောင့်ခလုတ်တစ်ခုဖြစ် နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲသွားပါတယ်။
'တရုတ်-မြန်မာ နှစ်နိုင်ငံစစ်တပ်ချင်း အပြန်အ လှန် နားလည်မှု'အရ ခိုင်မာသောဆက်ဆံရေးကို တည် ဆောက်ခဲ့ပြီး မြန်မာနိုင်ငံဟာလည်း တရုတ်ရဲ့ သြဇာခံ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ စစ်အစိုးရရဲ့ဆုံးဖြတ်ချက်က မြန် မာနိုင်ငံမှာ (နိုင်ငံရေးထက် စီးပွားရေးဘက်မှာ ပိုပြီးတံခါး ဖွင့်လှစ်ပေးဖို့)။ အဲဒီစီးပွားရေးလုပ်ကွက်အများစုကို တရုတ် နိုင်ငံက ရရှိသွားပြီး နောက်ဆုံးမှာ ကိစ္စရပ်တိုင်းလိုလိုဟာ တရုတ်ပေါ်မှာ လုံးလုံးလျားလျား မူတည်သွားတဲ့ အခြေ အနေအထိ ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာ အငြင်းပွား စရာဖြစ်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းအထိ ပါဝင်နေပါ တယ်။ အဲဒီမြစ်ဆုံဆည်စီမံကိန်းကို မြန်မာပြည်သူတွေ က ကန့်ကွက်နေလို့ သမ္မတဦးသိန်းစိန်ဟာ သူ့အစိုးရ လက်ထက်မှာ ဆက်လုပ်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ မြစ် ဆုံကိစ္စဟာ အငြင်းပွားစရာတွေ သံသယဖြစ်စရာတွေ အများကြီးရှိနေသလို တရုတ်အစိုးရဘက်ကလည်း ဥပဒေ ကြောင်းအရ သူတို့ ဆက်လုပ်ခွင့်ရှိတယ်လို့ ပြောနေပါ တယ်။
ဒါပေမဲ့ ဒီနှစ်နိုင်ငံကြားမှာ လက်ခံထားတဲ့ အမှန် တရားက ကွဲလွဲမှုတွေရှိနေတာတော့ အမှန်ပါပဲ။ တရုတ် အစိုးရဟာ မြန်မာနိုင်ငံထဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများ ကြီး လုပ်ထားပါတယ်။
မကြာခင်ကဖွင့်လှစ်လိုက်တဲ့ တရုတ်-မြန်မာ ဓာတ် ငွေ့ပိုက်လိုင်းဟာ တရုတ်နိုင်ငံအတွက်တော့ မလက္ကာရေ လက်ကြားကနေတင်သွင်းတဲ့ စွမ်းအင်အပေါ် မှီခိုနေရမှု ကို အများကြီးလျှော့ချနိုင်တော့မှာပါ။
ကျောက်ဖြူစီးပွားရေးအထူးဇုန် (SEZ) ကနေ တရုတ် နိုင်ငံ ယူနန်ကုန်းပြင်မြင့်ဒေသကိုသွယ်တန်းထားတဲ့ ကျောက် ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်အစိုးရအဖို့ သူ့နိုင်ငံ စွမ်းအင်ဖူလုံရေးအတွက် မြန်မာနိုင်ငံထဲမှာ သွား ရောက်တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံ တစ်ခုလို့ ဆိုရမှာပါ။ မြန်မာအစိုးရဘက်ကလည်း One Belt One Road မူဝါဒကို ကျင့်သုံးပြီး ကစားကွက်ပုံဖော် ကာ သူ့ရဲ့အိမ်နီးချင်းမဟာမိတ် တရုတ်သမ္မတ ရှီကျင့်ပင် အတွက် ပင်လယ်ထွက်ပေါက် ပိုးသားလမ်းတစ်ခုကို ဖော် ဆောင်ပေးရာ ရောက်သွားပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ တရုတ်အတွက် ဈေး ကွက်သစ်တွေကို အမိအရ ဖမ်းဆုပ်ခွင့်ရဖို့ ကူညီနိုင်ခဲ့ပါ တယ်။ ဒါ့အပြင် စီးပွားရေးကဏ္ဍတော်တော်များများမှာ လည်း မြန်မာပြည်ထဲမှာ တရုတ်တွေက ဝင်ရောက်လုပ်ကိုင် ပြီးသားဖြစ်နေပါပြီ။ ဒါဟာ တရုတ်တွေအတွက် မြန်မာ နိုင်ငံထဲမှာ စီးပွားရေးအရ အခွင့်အလမ်းသာနေတဲ့ အခင်း အကျင်းပါပဲ။ သို့သော်လည်း မြန်မာပြည်တွင်းမှာဖြစ်ပွား နေတဲ့ တင်းမာမှုတွေက တကယ့်စိန်ခေါ်မှုတွေပါ။
မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းမှာရော နယ်စပ်အစွန် အဖျားတွေမှာပါ ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေပါတယ်။ ပြည် တွင်းမှာဖြစ်နေတာက(ဗမာအများစုကြားက) ထိုင်ခုံပါဝါ အားပြိုင်မှုတိုက်ပွဲပါ။ အစွန်အဖျားမှာဖြစ်နေတာကတော့ ကချင်၊ ရှမ်းနဲ့ 'ဝ'စတဲ့ တိုင်းရင်းသားတွေက သူတို့အခွင့် အရေးအတွက် တိုက်ပွဲဝင်နေကြတာပါ။ ပထဝီနိုင်ငံရေး တည်နေပုံအရ ဗဟိုနဲ့ အစွန်အဖျားကြားက အားပြိုင်မှုက လည်း ပေါ်လွင်ထင်ရှားနေပါတယ်။ တိုင်းရင်းသားလူနည်း စုတွေဟာ နယ်စပ်အစွန်အဖျားတွေမှာ နေထိုင်ကြရပြီး ဗဟိုအစိုးရကိုတော့ ဗမာအများစုက လွှမ်းမိုးချုပ်ကိုင်ထား ပါတယ်။ ကျောက်စိမ်း၊ ရေအားလျှပ်စစ်နဲ့သစ်တော စတဲ့ သဘာဝသယံဇာတအများစုဟာ နယ်စပ်ဒေသမှာရှိနေပြီး သဘာဝဓာတ်ငွေ့တစ်မျိုးတည်းကိုသာ ပြည်တွင်းမှာ မြင် တွေ့ရတာပါ။ အခုလို နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားနေတာဟာ အမျိုးသားပြန်လည်သင့်မြတ် ရေးကို ထိခိုက်နေသလို နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ် နီးချင်းနိုင်ငံတွေအတွက်လည်း ပြဿနာတွေကို ဖန်တီး သလိုမျိုး ဖြစ်နေပါတယ်။
မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ကီလို မီတာ ၂ဝဝဝနီးပါး နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ် နိုင်ငံအတွက် အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ ပြီး ခဲ့တဲ့လပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဟာ တရုတ်နိုင်ငံ ဘက်ကို လွင့်စဉ်ကျော်လာတာမျိုးရှိပါတယ်။ အဲဒီတိုက် ခိုက်မှုတွေကြောင့် တရုတ်လူမျိုးအချို့ အသက်ဆုံးရှုံး ခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာ့လေတပ်က တရုတ်လေပိုင် နက်ထဲ ကျူးကျော်ဝင်ရောက်လာတာမျိုးနဲ့ မြန်မာလေတပ် က ကြဲချတဲ့ ဗုံးသီးတွေ တရုတ်ပိုင်နက်ထဲကျရောက်ခဲ့တဲ့ အဖြစ်ပျက်မျိုးလည်း ရှိခဲ့ပါတယ်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA)ရဲ့တပ်ဖွဲ့ဝင်တွေဟာ မျိုးနွယ်စုအားဖြင့် တရုတ်လူမျိုးတွေပါ။
၂ဝ၁၄ခုနှစ်မှာကောက်ယူခဲ့တဲ့ သန်း ခေါင်စာရင်းအရ ကိုးကန့်ဒေသမှာ လူဦးရေ ၉၅ဝဝဝရှိပြီး သူတို့ဟာ တရုတ် ဟန်မျိုးနွယ်စုစာရင်းဝင်ပါ။ ကိုးကန့်နဲ့ မြန်မာ့တပ်မတော်ရဲ့ တိုက်ပွဲတွေက ဟန်တရုတ်တွေကို အမျိုးသားရေးစိတ်ဓာတ် နိုးကြားစေခဲ့ပါတယ်။ ပြီးတော့ မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက် ခဲ့ပြီး တချို့တွေက Weibo နဲ့ အခြားလူမှုကွန်ရက်အင်တာ နက်စာမျက်နှာပေါ်မှာ တင်ထားတဲ့ မြန်မာ့တပ်မတော် ကြောင့် ဟန်တရုတ်တွေ အသတ်ခံနေရပုံနဲ့ ထိခိုက်ဒဏ် ရာရနေပုံတွေကို တရုတ်အစိုးရက ဖြုတ်ပစ်ခဲ့တယ်လို့ဆို ပါတယ်။ အဲဒီအချိန်မှာပဲ ကိုးကန့်ခေါင်းဆောင် ဖုန်ကြား ရှင်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် တရုတ်အစိုးရ ကို ''ကျွန်တော်တို့က မျိုးနွယ်စုတစ်ခုပဲဆိုတာ သူတို့ကို အသိပေးပေးပါ။ ပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ပေးပါ၊ ငွေကြေးထောက်ပံ့ပေးပါ''လို့ တိုက်တွန်းခဲ့ တယ်။
မကြာသေးခင်က တရုတ်ပိုင်နက်ထဲဗုံးကျပြီး တရုတ် နိုင်ငံသားတွေ သေဆုံးရမှုဖြစ်ပွားခဲ့လို့ PLA ပြည်သူ့လွတ် မြောက်ရေးတပ်မတော်ဟာ မြန်မာနယ်စပ်တစ်လျှောက် မှာ တပ်အင်အားကို တိုးချဲ့ချထားခဲ့ပါတယ်။ ဒါ့အပြင် PLA နဲ့ တရုတ်လေတပ်ဟာ နယ်စပ်တစ်လျှောက်က ကျူးကျော် ခံရတဲ့ ရွာတွေပေါ်မှာ ကင်းလှည့်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာပြည်ကပဋိပက္ခတွေဟာ တရုတ် နိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေး ပြဿနာ တွေ ဖန်တီးခဲ့ပြန်ပါတယ်။ စစ်ပြေးဒုက္ခသည် ၃ဝဝဝဝကျော် ဟာ တရုတ်နိုင်ငံထဲကိုရောက်ရှိနေပါတယ်။ ၂ဝဝ၉၊ ၂ဝ၁ဝ နဲ့ ၂ဝ၁၃ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေမှာ စစ်ပြေးဒုက္ခသည်တွေအတွက် တရုတ်အစိုးရဟာ လူသား ချင်းစာနာမှု အကူအညီတွေပေးဖို့ နှေးကွေးခဲ့တယ်လို့ ဝေ ဖန်ခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ တရုတ်ဘက် အကူအညီပေးရေးအစီအစဉ်တွေကို အလျင်အမြန်လုပ် ဆောင်ခဲ့ပြီး PLA အကူအညီနဲ့ နယ်စပ်မျဉ်းတွေမှာ ဒုက္ခ သည်စခန်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာ့တပ်မတော် ကိုလည်း ပေကျင်းအစိုးရက တုံ့ပြန်မှုတွေ ချက်ချင်းလုပ် ဆောင်ခဲ့ပါတယ်။
အရင်တုန်းကဆိုရင် မြန်မာပြည်အရေးဟာ ပြည် တွင်းရေးဆိုပြီး တရုတ်အစိုးရက ကြားဝင်မစွက်ဖက်ရေး မူဝါဒကို အမြဲလက်ကိုင်ကျင့်သုံးခဲ့ပါတယ်။ အခု ကိုးကန့် ပြဿနာပေါ်ပေါက်လာချိန်မှာတော့ နယ်စပ်မှာရှိတဲ့ တိုင်း ရင်းသားမျိုးနွယ်စုတွေရဲ့အရေးဟာ အဆင့်ဆင့်ကို ခြိမ်း ခြောက်မှုတွေရှိနေတာကို သဘောပေါက်လာကြပါတယ်။ လူသားချင်းစာနာမှုအကူအညီကအစ မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ ဟန်တရုတ်အမျိုးသားရေး စိတ်ဓာတ်တက် ကြွလာသည်အဆုံး မြန်မာ့အရေးအခင်းဟာ တရုတ်အစိုးရ အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အတိတ်ကအတွေ့အကြုံအရ မြန်မာအစိုးရနဲ့ တိုင်း ရင်းသားပဋိပက္ခတွေမှာ တရုတ်အစိုးရက တိုက်ရိုက်ပါဝင် ပတ်သက်လေ့ရှိပါတယ်။ ၁၉၆ဝပြည့်နှစ်မှာဖြစ်ခဲ့တဲ့ တရုတ်- ဗမာအရေးအခင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ လုပ်ရပ်တွေဟာ အခုချိန်မှာ သူတို့အတွက် အကျိုးအမြတ်ထက် ဒုက္ခတွေကိုသာ ပိုပြီး သယ်ဆောင်သလိုမျိုး ဖြစ်နေတာကို တရုတ်အစိုးရက သင်ခန်းစာကောင်းကောင်းရနေပါပြီ။
၂ဝ၁၂ခုနှစ်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ကချင်လက်နက် ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲတွေမှာ တရုတ်က ပါဝင်ပတ်သက်ခဲ့တဲ့အပိုင်းတွေ ရှိပါတယ်။ ပြော ရမယ်ဆိုရင် ဗဟိုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ ပဋိပက္ခတွေကြားမှာ ပေကျင်းအစိုးရက ပါဝင်ပတ် သက်မှုတွေ ရှိနေပါတယ်။
မြန်မာပြည်ထဲက တရုတ်စီးပွားရေးလုပ်ငန်းတွေရယ်၊ တရုတ်ပြည်ထဲမှာ စွမ်းအင်ဖူလုံဖို့ မြန်မာပြည် ပင်လယ် ထွက်ပေါက်အထိ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း ကြီးတွေဟာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်နေတဲ့ အစိတ်အပိုင်းတွေပါပဲ။ အဲဒီမဟာဗျူဟာ မြောက် စီးပွားရေးအကျိုးအမြတ်တွေအတွက် နယ်နိမိတ် မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းရေးဟာ အဓိကမေး ခွန်းထုတ်စရာကျနေသေးတဲ့ အပိုင်းတစ်ခုဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ်ရှိတာက တိုင်းရင်းသားလက်နက်ကိုင် ဒေသက ကျောက်စိမ်း၊ သစ်တွေနဲ့ အကျိုးစီးပွားဖြစ်နေတဲ့ ယူနန်အစိုးရကို မြန်မာအစိုးရနဲ့ ဆက်ဆံရေး သင့်မြတ် ကောင်းမွန်ဖို့ တရုတ်ဗဟိုအစိုးရက တွန်းအားပေးရပါလိမ့် မယ်။ ရေရှည်မှာတော့ ဒါဟာ နှစ်ဖက်စလုံးနဲ့ မသင့်မမြတ် မှုတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ အဲဒါကိုရှောင် ရှားဖို့ဆိုရင်တော့ တရုတ်အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်း ရေးကို အနီးကပ်စောင့်ကြည့်လေ့လာပြီး ကြားဝင်စွက်ဖက် ရေးမဟုတ်တဲ့ အခြားမူဝါဒသစ်တစ်ခုကို ကျင့်သုံးနိုင်ရန် နည်းဗျူဟာသစ်တစ်ခု ရှာဖွေရတော့မှာ ဖြစ်ပါတယ်။
-----------------------------------
THE DIPLOMAT အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သည့် China's Myanmar Conundrum ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Yangon Media Group

No comments:
Post a Comment