6-5-2015
မန္တလေးမြို့တော်ဝင်နှင်းဆီ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုတွင် တော်ဝင်နှင်းဆီဆေးရုံမှာ ပူးပေါင်းပါဝင် အကျိုးတူဆောင်ရွက်မှုများရှိခဲ့သည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသောင်းလင်းက ဧပြီ ၂၉ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါက်တာမြသီတာနှင့် တံတားဦးလေဆိပ်တာဝန်ခံ ဦးထူးအောင်အား မေ ၅ ရက် တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းရှိသဖြင့် မေ ၁၄ ရက် သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသားများမှာလည်း ခွင့်ပြုမိန့် မရှိဘဲနေထိုင်ခြင်း၊ ညမ်ညမ်းစာစောင်များနှင့်ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့်ဇနီး တို့ကို အမှုဖွင့် တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
ထိုသို့ မြို့နယ်ရဲစခန်းမှ တရားခံပြေး အဖြစ်သတ်မှတ်ပြီးနောက် ချမ်းအေးသာစံ မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာ မြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုများအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က “တိုင်းရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကို ဦးတင်မောင်နဲ့ ဇနီးက စင်ကာပူမှာ ဆေးကုသနေတာမို့ သက်သာပျောက်ကင်းရင် အမှုလာရောက်ရင်ဆိုင်ပါ့မယ်လို့ အကြောင်းကြားထားပေမယ့် ကျွန်တော်တို့ရဲတပ်ဖွဲ့တွေအနေ နဲ့ သူအဓိကနေထိုင်ရာ စစ်ကိုင်းနဲ့ မန္တလေးနေအိမ်တွေမှာ စောင့်ကြည့်နေပါတယ်။ ပိုက် စိတ်တိုက် ဖမ်းဆီးဖို့ဆိုတာကတော့ လူသတ်တရားခံမဟုတ်သလို၊ ဖောက်ခွဲရေးတရားခံလည်း မဟုတ်တဲ့အတွက် မလိုပါဘူး။ နောက်ပြီး တရားရုံးက ဆုံးဖြတ်မှ တရားခံဖြစ်မှာပေါ့။သူနေတတ်တဲ့ မြို့စခန်းတွေမှာ ချိတ်ဆက် ဖမ်းဆီးဖို့တော့ လုပ်ထားပါတယ်”ဟု ပြောကြားသည်။
သို့ရာတွင် တရားခံပြေးများအဖြစ် ကြေညာထားခြင်းခံရသော်လည်း ယင်းတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုအပေါ် မြို့ခံများက ဝေဖန် ပြောဆိုမှုများ ရှိနေသည်။
ထိုသို့အခြေအနေများတွင် အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြသည့်ကျောင်းသားများအား ပိုက်စိပ်တိုက် ရှာဖွေနေသော်လည်း ၎င်းတို့အား နေအိမ်စောင့်ကြည့်ခြင်း အဆင့်သာရှိနေမှုအပေါ်လည်း မြို့ခံများက ဝေဖန်ပြောကြားသည်။
“ကျောင်းသားတွေကျတော့ ပိုက်စိပ်တိုက်ပြီး အိမ်တိုင်ရာ ရောက် လိုက်ဖမ်းတယ်။ဘယ်နားမှာ ဘာလုပ်သလဲ လိုက်ကြည့်တယ်။လမ်းပေါ်မှာ ဆိုင်ကယ်ကို လှမ်းဆွဲလှဲပြီး ဖမ်းတဲ့အဆင့်ထိလုပ်တယ်။ စီးပွားရေးသမားတွေ နဲ့ အခု ထွက်ပြေးနေတဲ့ ဂရိတ်ဦးတင်မောင်တို့ ဆိုတာဖမ်းဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် မဖမ်းတာလဲ။ နောက်တစ်ခုက ကိုသိန်းအောင်မြင့်တို့လင်မယားကို ထောင် ခြောက်လ ချလိုက်တယ်။ ဒါပေမဲ့ သူ့အမျိုး သမီးက ဆန္ဒပြတဲ့ထဲမှာ လုံးဝမပါဘူး။ သူက ၀င်ရောက်ပြီး အကြမ်းမဖက်ပါနဲ့လို့ ပြောလိုက်တာလေးနဲ့ ထောင်ခြောက်လ ချလိုက်တယ်။ ဒါလူ့အခွင့်ရေး အရမ်းကို ချိုးဖောက်နေပါတယ်။ ဂရိတ်ဝေါ ဦးတင်မောင်တို့ လွှတ် ထားတာက အထက်အမိန့်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကြားသိတဲ့ သတင်းတွေအရတော့ ဂရိတ်ဝေါလ် ဦးတင်မောင်ဆိုတာ ဗမာလူမျိုး မဟုတ်သလို တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ မကင်းရာမကင်းကြောင်း ပတ်သက်မှုတွေ အများကြီးရှိတာတွေကြောင့်ပဲ မဖမ်းတာ လား။ ကျောင်းသားတွေကျတော့ ပြည်သူ ထဲက ပြည်သူတွေမို့ ဖမ်းနေတာလား။ အဲဒါလေးတစ်ခုတော့ အစိုးရကို မေးချင်ပါတယ်။ ရဲဌာနကိုလည်း မေးချင်ပါတယ်”ဟု ကျောင်းသားအရေးကို အစဉ်တစိုက် လိုက်ပါဆောင်ရွက်နေသူ မန္တလေးမြို့ခံ ဒေါ်အမာနီက ပြောကြားသည်။
“ဘာပဲဖြစ်ဖြစ် ကျောင်းသားပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ် အားလုံးက တန်းတူရည်တူရှိရမယ်။ ဥပဒေကတစ်မျိုးတည်းပဲ ရှိရမယ်။ နှစ်မျိုးတော့ မဖြစ်သင့်ဘူး။ ဦးတင်မောင်(ခ)လီဆန်ရှင်းဟာ ဒီမှာရှိနေရင် သူတို့ကို ဖမ်းရမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျန်တဲ့ တရားခံတွေကို ပိုက်စိပ်တိုက် ဖော်ထုတ်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေလည်း ရှိတယ်။ ဒီတစ်ကြိမ်မှာ ဂရိတ်ဝေါလ်တင် မောင်(ခ)လီဆန်ရှင်းကို မဖော်ထုတ်နိုင်ဘူးဆိုတော့ ကိုယ်တို့ ပြည်သူတစ်ယောက်အနေ နဲ့ ရဲတပ်ဖွဲ့ကို အံ့အံ့သြသြကို မြင်မိတယ်။ အစမရှိတဲ့ အမှုမျိုးကိုတောင် ဖော်ထုတ်နိုင်တဲ့ တပ်ဖွဲ့မျိုးက အစလည်းရှိတဲ့ အဆုံးလည်းရှိတဲ့ လီဆန်ရှင်း(ခ) ကိုတင်မောင်ကို မထုတ်ဖော်နိုင်တော့ အံ့သြမိတယ်။ ဒါပေမဲ့ သူတို့က ရဲလုပ်ငန်းကို အင်မတန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကြောင့် မဖမ်းမိလဲဆိုတဲ့ အကြောင်းတရားကတော့ သူတို့အသိဆုံးဖြစ်မှာပါ”ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
တော်ဝင်နှင်းဆီဆေးရုံအမှုနှင့် ပတ်သက်၍ တရားရုံးတွင် လာရောက်ရင်ဆိုင်ခြင်းမရှိသော ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟု ဆိုသော်လည်း ၎င်းတို့ ဇနီးမောင်နှံမှာ မြန်မာပြည်တွင်း၌ပင် ရှိနေကြောင်း နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရသည်။
ဦးတင်မောင်အား ၂၀၁၅ ခုနှစ် ဇန်န၀ါ ရီ ၁ ရက်တွင် အမှုဖွင့်သည့်အခါ ၎င်းတို့ဇနီးမောင်နှံတို့ မရှိတော့ဟု ရဲတပ်ဖွဲ့မှဆိုသော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၂ ရက် ရက်စွဲဖြင့် နေပြည်တော်ရှိ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနတွင် သားဖြစ်သူ ဦးထွန်းထွန်းဝင်း အား ၎င်းကတရားလိုပြု၍စွဲဆိုထားသော အမှုအတွက် General Power လွှဲအပ်ခဲ့သည့် ကိုယ်စားလှယ်လွှဲစာကို ဇန်န၀ါရီ ၁၆ ရက်က မန္တလေးခရိုင်တရားရုံးသို့ တင်သွင်းခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်လွှဲစာတွင် ဦးတင်မောင်၏လိပ်စာမှာ အမှတ်(၅၆၂၇)၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့၊ နေပြည်တော်ဟု ဖော်ပြပါရှိသည့်အတွက် ဦးတင်မောင်မှာ နေပြည်တော်၌ တိမ်းရှောင်ကာ ထိုင်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
သို့ရာတွင် ဦးတင်မောင်နှင့်ဇနီး ဒေါ်နန်းလှစိန်မှာ မြန်မာနိုင်ငံအတွင်း၌ ရှိမနေဘဲ ဆေးကုသရန်အတွက် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားသည်။
ထို့အပြင် ၎င်းပိုင်ဆိုင်သော တော်ဝင်နှင်းဆီဆေးရုံမှာလည်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၊ MIC တို့နှင့် ချုပ်ဆိုခဲ့စဉ်က ဆေးရုံတည်ဆောက်ခွင့်မပါဝင်ဘဲ စာချုပ်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဦးတင်မောင်ပိုင်ဆိုင်လုပ်ကိုင်နေသည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီအချို့မှာ Great Wall Group ကုမ္ပဏီလီမိတက်၊ Great Wall Food Stuff Industry ကုမ္ပဏီလီမိတက်၊ Great Wall Gems & Jewellery ကုမ္ပဏီနှင့် Great Wall Wood Industry ကုမ္ပဏီတို့ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။
ဦးတင်မောင်အနေဖြင့် အဆိုပါကုမ္ပဏီများအား ပိုင်ဆိုင်ဆက်စပ် ပတ်သက်လုပ်ကိုင်လျက်ရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၅၀၀ ဦးစာရင်း၊ ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်သူ ၅၀၀ ဦး စာရင်းတို့တွင် ပါဝင်လာခြင်းမရှိကြောင်း ထုတ် ပြန်ချက်များအရ သိရသည်။
ယင်းအပြင် ယခုနောက်ဆုံးထုတ်ပြန်သည့် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၁၀၀၀ ဦးစာရင်း၊ ထိပ်တန်းကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်သည့် ၁၀၀၀ ဦးစာရင်းတို့တွင်လည်း ယင်းကုမ္ပဏီအမည်များ ထပ်မံပါဝင် လာခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိပ်တန်း အခွန်ပေးဆောင်သူ ၁၀၀၀ ဦး စာရင်းဆိုသည်မှာ အခွန်ငွေကျပ်သိန်း ၁၀၀ ကျော်ပေးဆောင်ရုံဖြင့် ပါဝင်သည့် စာရင်းဖြစ်သော်လည်း ယခုအခါ ထိပ်တန်း ၁၀၀၀ ဦးစာရင်းတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ယင်းပမာဏကိုပင် အခွန်ကျေပွန်စွာ ပေးဆောင်ခြင်းမရှိသည့် အနေအထားဖြစ်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
Writer: ငြိမ်းဇော်လင်း၊ ယဉ်မျိုးသွယ်
Eleven
No comments:
Post a Comment