May 13, 2015
ကိုးကန့်ဒေသတွင် မေလ ၁၁ ရက်မှ စတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်)က အတည်ပြုပြီး TNLA နှင့် AA ကလည်း ကိုးကန့် တပ်ဘက်မှ တိုက်ခိုက်ပေးနေ ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာပန်လှက ပြောသည်။
ဧပြီလကုန်ပိုင်းက လောက်ကိုင်မြို့ အရှေ့မြောက်ဘက် တရုတ်နိုင်ငံနယ်စပ်နှင့် ကပ်လျက် ပွိုင့်(၂၀၂၂)တောင်ကုန်းကို အစိုးရတပ်က သိမ်းပိုက်စဉ် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်း ကိုးကန့်ဒေသအတွင်း တိုက်ပွဲများငြိမ်သက်နေရာမှ လောက်ကိုင်နှင့် ကုန်းကြမ်းအနီး တစ်ဝိုက်တွင် မေလ ၁၁ ရက်မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(လောက်ကိုင်)သို့ တိုက်ပွဲ အခြေအနေကို ဆက်သွယ်မေးမြန်းရာ မေလ ၁၁ ရက်မှ စတင်ကာ ကိုးကန့်အဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ အမှန်ဖြစ်ပြီး ထူးခြားမှု အသေးစိတ်အခြေအနေကို မပြောနိုင်သေးကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
လောက်ကိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကလည်း လောက်ကိုင်မြို့ထဲတွင် အေးဆေး တည်ငြိမ်နေပြီး ပွိုင့် (၂၀၂၂)အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း အတည်ပြုသည်။
အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDA A)တို့လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင် တအာင်န်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကလည်း ကိုးကန့်ဘက်မှ ကူညီတိုက်ခိုက်ပေးနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာပန်လှက ပြောသည်။
‘‘ဖြစ်တာက ကုန်းကြမ်းနားလေးမှာ ဖြစ်တာဗျ။ ဒီနေ့မနက် ၅ နာရီလောက်ကနေ စဖြစ်တာ။ အခုအချိန်အထိ တိုက်ပွဲပြင်းထန်နေတဲ့ အနေအထားမျိုးမှာ ရှိနေတယ်’’ဟု တာပန်လှက မေလ ၁၂ ရက် ညနေ ၄ နာရီတွင် ပြောသည်။
ကိုးကန့်ဒေသတွင် တရုတ် နိုင်ငံနှင့် နယ်ချင်းထိစပ်နေသော တောင်ကုန်းနေရာများ၌ တိုက်ပွဲများ မပြီးပြတ်သေးသော်လည်း မြို့နယ်များ၌ စစ်ရှောင်ဒုက္ခသည်များ ပြန်လည်အခြေချနေပြီ ဖြစ်ကာ အစိုးရဘက်ကလည်း ဒေသတွင်း ပြန်လည်စည်ကားရန် နှင့် အုပ်ချုပ်ရေးယန္တရား ပုံမှန်အတိုင်း လည်ပတ်ရန် နည်းမျိုးစုံဖြင့် အကောင်အထည်ဖော်နေသည်။
7Days
No comments:
Post a Comment