Tuesday, May 5, 2015

ကျောက်ဖြူမြို့နယ်အတွင်းရှိ ပျက်စီးသွားသည့်လယ်မြေများအား ပြန်လည်ပြုပြင်ရာတွင်တောင်သူနှင့် ကုမ္ပဏီတို့ပြဿနာဖြစ်

ကျောက်ဖြူ၊ မေလ၊ ၅ ရက်
မိုး (မြောက်ဦး)...

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ လယ်မြေတစ်ချို့မှာ
ရွှေသဘာဝဓါတ်ငွေ့သန့်စင်စက်ရုံနှင့်
ဓါတ်ငွေ့တွန်းစက်များတည်ဆောက်မှုမှထွက်ရှိသော မြေများဖုံးလွှမ်းမှုကြောင့်
လယ်မြေဧက ၆၀ ကျော်တို့မှာ ပျက်စီးသွားခဲ့ရာ ယခုအခါ အဆိုပါလယ်များအား
ပြန်လည်ပြုပြင်ပေးရန်အတွက် ကိုးရီးယားနိုင်ငံပိုင် Daewoo ကုမ္ပဏီမှ
ဒေသခံကုမ္ပဏီများအား လွှဲပြောင်းပေးလိုက်သည့်အတွက် တောင်သူများနှင့်
တာဝန်ယူပြုလုပ်နေသည့် လုပ်ငန်းရှင်များပြဿနာဖြစ်ပွားနေကြကြောင်းသတင်း
ရရှိသည်။

အဆိုပါလယ်မြေများမှာ ယင်းစ်ီမံကိန်းကြောင့် ပျက်စီကုန်ခဲ့သည့်အတွက် ၂၀၁၁
နှစ်က စတင်ကာ လျော်ကြေးငွေများပေးအပ်ခဲ့ကြောင်းနှင့် ယခု ၂၀၁၅ ခုနှစ်တွင်
တောင်သူများလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်အတွက်
ပြန်လည်ပြုပြင်ပေးနိုင်ရန်အတွက် ဒေသကုမ္ပဏီမားမှတစ်ဆင့်
ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူများကို လွှဲပြောင်းပေးလိုက်သည့်အတွက်
ယခုကဲ့သို့မကျေနပ်မှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီစက်ရုံတွေကို စပြီးဆောက်လုပ်တာက ၂၀၀၉ ခုနှစ်ကလုပ်တာပါ။ ၂၀၁၁
ခုနှစ်မှာ လျော်ကြေးနည်းနည်းပါပါးပေးခဲ့ပါတယ်။ တောင်သူတွေနဲ့ ဒေသခံတွေက
တောင်းဆိုတဲ့အတွက် အခုစပါးပြန်စိုက်နိုင်ဖို့အတွက် ဆိုပြီး
ပျက်စီးသွားတဲ့လယ်မြေတွေကို ပြန်ပြီးတော့ပြုပြင်ပေးဖို့လုပ်တာပါ။
ဒါကိုကျွန်တော်တို့တောင်သူတွေကိုလည်း အသိမပေးဘဲ ကန်ထရိုက်ဆွဲတဲ့သူတွေက
ကျွန်တော်တို့လယ်တွေကိုဝင်ပြီးတော့ လုပ်ချင်သလိုလုပ်နေကြပါတယ်။ ဒါကြောင့်
မလုပ်ဖို့ကိုတားနေကြတာပါ။”ဟု ကိုစိုးနိုင်ထွန်းကပြောသည်။
ထို့ကြောင့် တောင်သူများက တာဝန်ယူလုပ်ကိုင်နေကြသည့်
ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူများအား ယင်းသို့မလုပ်ကြရန်နှင့်
တောင်သူများက မိမိ၏လယ်မြေများအား မိမိတို့ကိုယ်တိုင်လုပ်ကိုင်ရန်နှင့်
ယင်း၏ကုန်ကျစရိတ်များကိုသာ သက်ဆိုင်သည့်
ကုမ္ပဏီများမှကျခံရန်အဓိကတောင်းဆိုခြင်းဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment