
ရန်ကုန်၊ မေ ၁၁
တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်မယူဘဲ ကျောက်တံတားမြို့နယ်ကို ဖြတ်သန်းသွားလာခြင်း၊ လွတ်လပ်ရေး ကြေညာစာတမ်း ခွင့်ပြုချက်မရှိဘဲ ရှင်းလင်းပြောဆိုခြင်းတို့ကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုံးလှတို့ကို မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပုဒ်မ ၁၈ ဖြင့် တစ်ဦးလျှင် နှစ်မှုစီဖြင့် တရားစွဲဆိုကာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါနှစ်ဦးမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ရေးထိုးထားသော လွတ်လပ်ရေး ကြေညာစာတမ်းကို ခွင့်ပြုချက်မရှိဘဲ ကလေး ၁၀ ဦးကို ရှင်းလင်းပြောဆိုခြင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်သံရုံးရှေ့ဆန္ဒပြရန် လူစုလူဝေးဖြင့် ခွင့်ပြုချက်မဲ့ ဖြတ်သန်းသွားလာမှုတို့ကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တစ်ဦးလျှင် နှစ်မှုဖြင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူး ဒုရဲမှူး ဝင်းတင်ထံမှ သိရှိရသည်။
“ပုဒ်မ ၁၈ တစ်မှုတည်းနဲ့ စွဲလို့ရတာကို အမှုကြီးအောင် ပုဒ်မတစ်မျိုးတည်းကို နှစ်မျိုးတပ်ပြီး တရားစွဲတာ။ ရွေးကောက်ပွဲမတိုင်မီ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ထဲထည့်နေတာ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြားသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုံးလှတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလည့်လှည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တစ်ဦးလျှင် နှစ်မှုစီ တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ၂၃၄ တွင် တစ်နှစ်အတွင်း ကျူးလွန်ခဲ့သော အမျိုးအစားတူ ပြစ်မှုသုံးခုကို တစ်ပေါင်းတည်း ပေါင်းကာ တရားစွဲဆိုရန် ပြဋ္ဌာန်းထားကြောင်း၊ တစ်ပေါင်းတည်း စွဲဆိုကာ အမှုရင်ဆိုင်ခွင့်မရခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
လက်ရှိ တရားရင်ဆိုင်နေရသော အမှုနှင့် ပတ်သက်၍ မေလ ၁၈ ရက်နေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
The VOICE
No comments:
Post a Comment