Thursday, May 7, 2015

လောက်ကိုင်ဒေသအား အစိုးရမှ ဆက်လက်အုပ်ချုပ်ပေး ရန် ဒေသခံများ တောင်းဆို

6.5.2015

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်မြို့ရွာများအား ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ နယ်မြေတည်ငြိမ်အေး ချမ်းရေးကို စစ်အုပ်ချုပ်ရေးဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုးကန့်ဒေသအား အစိုးရဘက်မှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။


 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လောက်ကိုင်မြို့ခံတစ်ဦးက“တိုက်ပွဲတွေဖြစ်တော့ မြို့ထဲကနေလွတ်ရာ ကျွတ်ရာ ထွက်ပြေးကြရတယ်၊ အခုမှ ပြန်လာနေရတာ၊ တချို့ဆိုရင် ခုထိပြန်မလာရဲသေးဘူး၊ အစိုးရကို ဆက်ပြီး အုပ်ချုပ်စေချင်တာ မှန်ပါတယ်၊ ဒီမှာက ဖုန်ကြားရှင်အဖွဲ့ရဲ့ အန္တရာယ်ကို ဒေသခံတွေရင်ဆိုင်နေရတယ်၊ ပွင့်ပွင့် လင်းလင်းပြောရရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး လူသစ်စုတာတွေအထိ လုပ်လာတယ်” ဟု ပြောကြားသည်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့ထဲသို့ မ၀င်ရောက်သူ၊ အကူအညီမပေးသောသူများကိုတွေ့လျှင် သတ်ပစ်မည် ဟု ခြိမ်းခြောက်နေကြောင်း၊ နေအိမ်ခြံစောင့်သူများနှင့် စိုက်ခြံစောင့်သူများကို စံနမူနာပြ သဘောမျိုးဖြင့် သတ်ဖြတ်ပစ်နေကြောင်း၊ သက်ကြီးရွယ်အို မိဘများကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားပြီး သားသမီးများကို အကြပ်ကိုင်ခြိမ်းခြောက်၍ တိုက်ပွဲများတွင် အသုံးချခဲ့ကြောင်း သိရသည်။

“ဖုန်ကြားရှင်အဖွဲ့က ကိုယ့်တိုင်းရင်းသားအချင်းချင်းကိုတောင် ပြန်ပြီးအသုံး ချနေတာ၊ ရွာတွေကနေ လူသစ် အဖြစ် ရွာသားတွေကို ဖမ်းတယ်၊ ပြီးတော့ ဆေးပြားကျွေးပြီး စစ်တိုက်ခိုင်းတယ်၊ တိုက်ပွဲဖြစ်နေတဲ့ ကာလတစ် လျှောက်လုံး အဲဒီအဖွဲ့တွေက ဆေးပြားတွေ ထုတ်လုပ်သေးတာ၊ ဒီလောက်ကိုင်မြို့ပေါ်မှာဆို ဆေးပြားတွေ အတော်ပျံ့နေပြီ၊ ဖမ်းမိတာတွေလည်း အများပဲ၊ ဖုန်ကြားရှင်ဟာ အရင်ကလည်း မကောင်းခဲ့ဘူး၊ အခုလည်း မကောင်းဘူး၊ ဒီဒေသကို မူးယစ်ဆေးဝါးနွံထဲ ဆွဲသွင်းနေတာ” ဟု အသက်(၈၀) အရွယ်ကိုးကန့်အဖိုးအို တစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသတည်ငြိမ်အေးချမ်းသွားပါက အစိုးရမှ တာဝန်ရှိသူများကိုသာ အုပ်ချုပ်ခွင့်ပေးသင့်ကြောင်း၊ ကိုးကန့်သောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်းသင့်ကြောင်းနှင့် ဥပဒေမဲ့ လုပ်ရပ်များကို ခွင့်မပြုသင့် ကြောင်း၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ပညာရေးတိုးတက်ကောင်းမွန်ရေးများကို ကူညီဆောင်ရွက်ပေးစေလိုကြောင်း နိုင်ငံတော်အကြီးအကဲများထံသို့ ဒေသခံကိုးကန့်ပြည်သူများမှ တင်ပြ တောင်းဆိုထားကြောင်း သိရှိရပါသည်။

မိုးမင်း

No comments:

Post a Comment