Sunday, May 10, 2015

မြစ်ကြီးနားထောင်တွင် မြန်မာအကျဉ်းသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော သစ်ခိုးထုတ်တရုတ်နိုင်ငံသားများအား ရုံးထုတ်ရာတွင် ရဲလုံခြုံရေးအင်အားများစွာအသုံးပြု

မြစ်ကြီးနားထောင်တွင် မြန်မာအကျဉ်းသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော သစ်ခိုးထုတ်တရုတ်နိုင်ငံသားများအား မေ ၈ ရက်က ရုံးထုတ်ရာတွင် ရဲလုံခြုံရေးအင်အားများစွာ အသုံးပြုခဲ့ရကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့အင်အားအနေဖြင့် ခရိုင်ရဲမှူးမှဦးဆောင်ခဲ့ပြီး ပြည်နယ်အရံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ၀ိုင်းမော်မြို့နယ်ရဲစခန်းနှင့် ဆဒုံးမြို့နယ်ရဲစခန်းများမှ အင်အားစုစုပေါင်း အရာရှိရှစ်ဦးနှင့် အရန်အင်အား ၂၀ ဦး အသုံးပြုခဲ့ရကြောင်း သိရသည်။

ခရိုင်ရဲအရာရှိတစ်ဦးက "သူတို့နိုင်ငံဥပဒေနဲ့ ကျွန်တော်တို့ကမတူဘူးလေ။ တရားရုံးက လ၀ကအက်နဲ့ ထောင်ဒဏ်ချထားတော့ အချုပ်သားကနေ အကျဉ်းသားဖြစ်သွားပြီး သံခြေချင်းခတ်ပြီး ရုံးထုတ်ရတော့ ငြင်းဆန်ချင်တယ်။


တစ်နေ့ကလည်းရန်ဖြစ်ထားတာလေးရှိတော့ ဆူဆူပူပူဖြစ်မှာကြောင့် ရဲအင်အားအနည်းငယ်ပိုသုံးလိုက်တာပါ" ဟုဆိုသည်။

ယနေ့ရုံးချိန်းတွင် ဆဒုံးမြို့နယ်ရဲစခန်းတွင် ပ၊ ၃။ ၂၀၁၅ ဖြင့် လီဖယ်ကျိန်းအပါအ၀င် တရုတ်နိုင်ငံသား ၈၅ ဦးကို ခရိုင်တရားရုံးသို့ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီး ဦးစိုးစိုးက နှစ်နာရီကြာ တရားခွင်ကြားနာခဲ့သည်။ မေ ၈ ရက်ရုံးချိန်းတွင် တရုတ်နိုင်ငံသား ၈၅ ဦး ရုံးချိန်းရန်ရှိသော်လည်း လေးဦးမှာ ကျန်းမာရေးအခြေအနေကြောင့် ရုံးထုတ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လာမည့် မေ ၁၄ ရက်တွင် ပြန်လည်ရုံးချိန်းခဲ့ကြောင်း သိရသည်။

ယနေ့ရုံးထုတ်သူများတွင် ယမန်နေ့က ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရရှိသူများ မပါဝင်ကြောင်းလည်း တွေ့ရသည်။

ဆဒုံးမြိုနယ်ရဲစခန်းက ပ၊၄။၂၀၁၅ ဖြင့် ကျန်တရုတ်နိုင်ငံသား ၇၀ ဦးကို လာမည့် မေ ၁၂ ရက်တွင် ခရိုင်တရားရုံးတွင် စစ်ဆေးမည်ဖြစ်ပြီး ခရိုင်ဒုတရားသူကြီး ဦးမြင့်ဝေက စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် ယင်းသစ်ခိုးထုတ်သူများကို ကိုယ်တိုင်ဖမ်းဆီးမှုတွင်ပါဝင်ခဲ့သည့် ခမရ ၂၂၉ မှ တပ်မတော်အရာရှိတစ်ဦးနှင့် ၀ိုင်းမော်မြို့နယ် ရဲမှူးတို့ကို စစ်ဆေးခဲ့ပြီး ကိုယ်တိုင်ဖမ်းဆီးမှုတွင်ပါသည့် တပ်မတော်အရာရှိက တရားလိုပြသက်သေအဖြစ် လာရောက်ခဲ့ကာ ဖမ်းဆီးသည့် အချိန်၊ နေရာ၊ လူဦးရေ၊ ကားအမျိုးအစားများ၊ အခြေအနေများ၊ ဖမ်းဆီးပြီးနောက် အခြေအနေများ၊ သစ်အမျိုးအစားများကို ထွက်ဆိုခဲ့ပြီး ရှေ့နေများက အပြန်အလှန်မေးခွန်းမေးမြန်းခဲ့သည်။

မေ ၈ ရက် ရုံးချိန်းတွင် တရားရုံးအတွင်း သွားရောက်သတင်းယူရန်အတွက် ခရိုင်တရားရုံးသို့ Eleven Media မှ သွားရောက်သတင်းယူရာ နားထောင်ခွင့်နှင့် အတိုရေးမှတ်ခွင့်ကို ခရိုင်တရားသူကြီးမှတစ်ဆင့် တားမြစ်ခံရပြီး ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဌာနသို့ သွားရောက်တောင်းဆိုမှသာ ခွင့်ပြုချက်ပြန်လည်ရရှိခဲ့သည်။

ကချင်ပြည်နယ် တရားသူကြီးချုပ်ဦးတူးဂျာက "တရုတ်အကျဉ်းသားတွေလည်း မြန်မာရှေ့နေတွေငှားပြီး တရားရင်ဆိုင်နေပါတယ်။ ခရိုင်အဆင့်ပေါ့ ။ သူတို့ကငြင်းလို့ရှိရင် ပြည်နယ်တရားရုံးကို ရောက်နိုင်ပါတယ်။ ခရိုင်ရုံးအမိန့်မှာ ပြီးသွားရင်တော့ ဘယ်မှမရောက်တော့လေ။ တရားရင်ဆိုင်ဆဲလို့ပြောလို့ရတယ် ။ ကျန်တာတွေတော့ မသိရသေးဘူး" ဟု The Daily Eleven သတင်းစာသို့ပြောကြားသည်။

သစ်ခိုးထုတ်အကျဉ်းသားများကို တရုတ်နိုင်ငံမှ ယင်းတို့၏ဆွေမျိုးအချို့ လာရောက်တွေ့ဆုံခဲ့ပြီး စားစရာများ ၊ အသင့်စားသုံးနိုင်သည့်အစာများ ထောက်ပံ့ခဲ့သည်ကိုလည်း တွေ့ရသည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အတွင်း ဖမ်းမိသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားအားလုံးကို လ၀ကအက်ဥပဒေ ၁၃။၁ အရ သစ်ခိုးထုတ်သူ ၁၅၅ ဦးကို ထောင်ဒဏ်ခြောက်လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၂၂ ရက် နောက်ပိုင်းမှစ၍ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

Writer: ထွန်းလင်းအောင် (မြစ်ကြီးနား)

No comments:

Post a Comment