Sunday, May 24, 2015

သန့်စင်ကျောက်မီးသွေးစက်ရုံ အလိုမရှိဟု ကျောက်ဖြူ ဒေသခံများဆို

24-5-2015

သဘာဝဓာတ်ငွေ့များကို တရုတ်သို့ တင်ပို့နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် သန့်စင်ကျောက်မီးသွေး (ဆိုးကျိုးနည်းသည် ဆိုသောစနစ်) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အလိုမရှိဟု ကျောက်ဖြူမြို့နယ်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံများက တင်ပြခဲ့ကြသည်။

ကျောက်ဖြူမြို့နယ် မအူပြိန်ကျေးရွာတွင် မေလ ၂၁ ရက်နေ့က ပြုလုပ်သည့် ယင်းလူထုတွေ့ဆုံပွဲ၌ ကျေးရွာအုပ်စု ၁၁ ခုရှိ ကျေးရွာပေါင်း ၂၈ ရွာမှ ဒေသခံငါးရာကျော် တက်ရောက်ခဲ့ကြောင်း ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ဒေသခံဦးကျော်ဝင်းက ပြောဆိုသည်။

ကျေးရွာအုပ်စုတစ်ခုစီမှ ဒေသခံနှစ်ဦးကျစီ ဆွေးနွေးခဲ့ပြီး ဆွေးနွေးသူ အားလုံးက ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အလိုမရှိဟု တင်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ရခိုင်မှာထွက်တဲ့ Gas (သဘာဝဓာတ်ငွေ့) ရှိလျက်နဲ့ ကျောက်မီးသွေး စက်ရုံနဲ့ပေးမယ့် မီးကို မလိုချင်ကြဘူး။ Gas နဲ့ ပေးတဲ့ လျှပ်စစ်မီးကိုပဲ လိုချင်ကြတယ်။ ကျောက်မီးသွေးကတော့ ကောင်းကျိုးထက် ဆိုးကျိုးများတယ်ဆိုပြီး ကန့်ကွက်ကြတယ်” ဟု ဦးကျော်ဝင်းက ပြောဆိုသည်။

အဆိုပါ လူထုတွေ့ဆုံပွဲကို ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း နှင့် သဇင်သွေးသစ် လူမှုကွန်ရက်က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်မည့်ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများက မေလ ၆ ရက်နေ့တွင် ကျောက်ဖြူမြို့၌ ဒေသခံများကို တွေ့ဆုံ ရှင်းလင်းခဲ့စဉ်ကလည်း ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိခိုက်မှု အနည်းဆုံးဖြင့် ကမ္ဘာ့အဆင့်မီ တည်ဆောက်မည်ဖြစ်ပြီး ယင်းစက်ရုံကရရှိသည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး မဖြန့်ဖြူး ပေးနိုင်သည့် ဒေသများကို ဖြန့်ဖြူးမည် ဖြစ်ကြောင်း၊ သို့သော်လည်း ကျောက်မီးသွေးစက်ရုံကို ဒေသခံများ သဘောမတူလျှင် ဆောက်လုပ် မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုထားသည်။

သန့်စင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို MCM Energy ကုမ္ပဏီနှင့် Daewoo International Corporation တို့ အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန် ဒေါ်လာသန်း ၂၅၀၀ ခန့် အသုံးပြုမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရှိရသည်။

အဆိုပါစက်ရုံကို ကျောက်ဖြူမြို့နယ် အလယ်ဒွိန် ကျေးရွာအုပ်စုတွင် မြေဧက ၆၀၀ ခန့်၌ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရှိရသည်။

The VOICE

No comments:

Post a Comment