Sunday, May 24, 2015

အစိုးရအဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများနှင့် တရုတ်နိုင်ငံအာဏာပိုင်များဘက်မှ ပူးပေါင်းတားဆီးမှုမတွေ့ရသောကြောင့် အစိုးရသစ်လက်ထက်တွင် သစ်ခိုးထုတ်မှု အဆမတန်မြင့်မားလာကြောင်း သစ်တောတာဝန်ရှိသူပြောကြား

အစိုးရအဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများနှင့် တရုတ်နိုင်ငံအာဏာပိုင်များဘက်မှ ပူးပေါင်းတားဆီးမှုမတွေ့ရသောကြောင့် အစိုးရသစ်လက်ထက်တွင် သစ်ခိုးထုတ်မှု အဆမတန်မြင့်မားလာကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက မေ ၂၂ ရက်တွင်ပြုလုပ်သည့် သတင်းထုတ်ပြန်သည့်အခမ်းအနားအစီအစဉ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းအနေဖြင့် မီဒီယာများကို ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

"တရားမ၀င်သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေ တိုးတက်များပြားလာရတဲ့အပိုင်းတွေက ခုနစ်ခုလောက်က အဓိကကျနေတယ်။ အဓိကအကြောင်းအရင်းက တာဝန်ရှိအဖွဲ့အစည်းများအတွင်း အကျင့်ပျက်ခြစားမှုတွေရှိနေတာပါ" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ထောက်ပြခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံ၏ သစ်ခိုးထုတ်လုပ်ငန်းကျယ်ပြန့်နေခြင်းမှာ တရုတ်နိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်ကာ တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများကို သစ်တောဦးစီးဌာနအနေဖြင့် ညှိနှိုင်းပြောဆိုမှုများပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ထိရောက်သည့်တားဆီးမှုမတွေ့ရကြောင်း ရှင်းလင်းခဲ့သည်။

ဦးဇော်ဝင်းက "တရုတ်နိုင်ငံကိုရောက်တိုင်း နယ်စပ်ဒေသပိုင်အာဏာပိုင်တွေကို သွားပြောတယ်။ သူတို့ကလုပ်ပေးပါမယ်လို့ပြောပေမယ့် အခုချိန်အထိ ထိထိရောက်ရောက်တားဆီးမှုမတွေ့ရပါဘူး" ဟုပြောကြားသည်။

လူဦးရေတိုးတက်လာခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အခြားဝင်ငွေရရှိနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်း၊ အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်များများရရှိနိုင်ခြင်း၊ နယ်စပ်ဒေသများ၏ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းတို့အပြင် သစ်ခုတ်လှဲ ထုတ်လုပ်/ သယ်ဆောင်သော ကိရိယာနှင့်ယာဉ်များကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူရရှိနေခြင်းတို့မှာလည်း သစ်ခိုးထုတ်မှုများကို ထောက်ပံ့ပေးနေသော အကြောင်းရင်းများဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုရှင်းလင်းခဲ့သည်။

၂၀၁၁ ခုနှစ်မှ စတင်ကိုင်တွယ်ခဲ့သော အစိုးရသစ်လက်ထက်တွင် သစ်တန်ချိန် ၃၀၀၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ ၂၀၁၅ ဘဏ္ဍာနှစ်ကုန်ဆုံးသည်အထိ ငါးနှစ်အတွင်း တန်ချိန်ပေါင်း ၁၆၀၀၀၀ ခန့် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိခဲ့သည့် နှစ်အလိုက်တန်ချိန်မှာ တဖြည်းဖြည်းမြင့်တက်လာမှုကြောင့် သစ်ခိုးထုတ်မှုများကို သစ်တောဦးစီးဌာနတစ်ခုတည်းဖြင့် မရတော့ကြောင်း ၀န်ခံခဲ့ကာ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်၌ တရုတ်သစ်ခိုးထုတ်ဂိုဏ်းကြီးတစ်ခုကို တပ်မတော်မှဖမ်းဆီးရမိပြီးနောက် သစ်ခိုးထုတ်တားဆီးရေးလုပ်ငန်းကို ယခင်ထက် ပိုမိုအာရုံစိုက်လုပ်လာခဲ့ကြောင်း သိရသည်။

တရုတ်သစ်မှောင်ခိုလုပ်ငန်းမှာ မြန်မာနိုင်ငံ၏ သစ်တောမျိုးစုံကို လက်ခံဝယ်ယူနေပြီး သစ်တောအသင်း၏ဆွေးနွေးပွဲရလဒ်များအရ မြန်မာနိုင်ငံ၏ နှစ်စဉ်သစ်ခိုးထုတ်ခံရသည့်ပမာဏမှာ နှစ်စဉ်ဒေါ်လာဘီလျံနှင့်ချီသော မှောင်ခိုလုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

Writer: အောင်ရဲကို
Eleven

No comments:

Post a Comment