Wednesday, May 13, 2015

တရုတ်၏လုပ်ရပ်များကို အာဆီယံက သတိပေးပြီ


၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ ယခု အာဆီယံ ဆွေးနွေးပွဲတွင် ထူးခြားချက်များအနက် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် အာဆီယံအနေဖြင့် သတိပေးခဲ့ခြင်းပင်ဖြစ်သည်။

 ပထမနေ့ ဆွေးနွေးပွဲများအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
“တောင်တရုတ်ပင်လယ်အတွင်း မြေယာပိုင်ဆိုင်ကြောင်း ပြသနေမှုများနှင့်ပတ်သက်၍ ခေါင်းဆောင်အချို့ကဲ့သို့ပင် ကျွန်ုပ်တို့အနေဖြင့် အလွန်အမင်း စိုးရိမ်မိပါကြောင်းနှင့် ယင်းသည် ယုံကြည်ကိုးစားမှုကို ဖောက်ဖျက်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်ပါကြောင်း” ဟူ၍ အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် စွမ်းအင်သိုက်များ ကြွယ်ဝပြီး ငါးဖမ်းလုပ်ငန်းအတွက် အရင်းအမြစ်များရှိကာ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအတွက် များစွာအရေးပါသော တောင်တရုတ် ပင်လယ်အတွင်းရှိ အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလျက်ရှိသည်။ 


သို့သော် တရုတ်အစိုးရက တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးသည် အငြင်းပွားဖွယ်ရာမရှိဘဲ တရုတ်တို့၏ ပိုင်နက်ဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။

အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ကျွန်းစုတည်ဆောက်ရေး အားထုတ်မှုများသည် ဒေသတွင်း၌ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း ဧပြီ ၂၇ ရက်တွင် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ၌ အရှေ့တောင်အာရှ ခေါင်းဆောင်များက သတိပေးခြင်းဖြစ်ပြီး တရုတ်အနေဖြင့် သန္တာကျောက်တန်းများပေါ်၌ လေယာဉ်ပြေးလမ်းများကို တည်ဆောက်နေသည်ဟု ဆိုသည်။

အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံကလည်း သတိပေးပြောကြားခဲ့သည်။

“တရုတ်က သန္တာကျောက်တန်းတွေမှာ ကျွန်းတည်ဆောက်ဖို့ ကြိုးစားနေတယ်၊ လေယာဉ်ပြေးလမ်း တည်ဆောက်နေတယ် စတဲ့သတင်းတွေ ထွက်နေပေမယ့် လူနေဖို့အတွက်လား၊ စစ်ရေးပြင်ဆင်မှုလားဆိုတာ တထစ်ချ မပြောနိုင်သေးပါဘူး။ DOC၊ COC ကို အပြီးမသတ်နိုင်ခင် မီးမွှေးသလို အခြေအနေမျိုး မဖန်တီးဖို့လိုပါတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်က ပြောကြားထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အာဆီယံအနေဖြင့် တရုတ်နိုင်ငံအား ဖိအားပေးတားဆီးရမည့် အခြေအနေအထိ ဖြစ်လာမည်ဟု မယူဆကြောင်း၊ တရုတ်နှင့် အာဆီယံသည် စီးပွားရေး မဟာဗျူဟာများအတွက် အပြန်အလှန် အရေးပါကြောင်းလည်း ၎င်းကမှတ်ချက်ပြုထားသည်။
တောင်တရုတ်ပင်လယ်အရေး လွှမ်းမိုးနေသော မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများလည်း တက်ရောက်လျက်ရှိနေသည်။ အဆိုပါ ဆွေးနွေးပွဲကာလအတွင်း ရိုဟင်ဂျာ၊ ဘင်္ဂါလီအရေး ဖိအားပေးမှုများရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ပြောကြားထားသည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ မဟာဗျူဟာကျသော အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားပြီးနောက် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေချိန်၌ ပြုလုပ်သော အာဆီယံထိပ်သီး ဆွေးနွေးပွဲကာလတွင် အာဆီယံအနေဖြင့် ယခုကဲ့သို့ ထူးခြားစွာ သတိပေးခြင်းမှာ လုပ်သင့်သောကိစ္စ ဖြစ်ပါကြောင်း

- The Daily Eleven အယ်ဒီတာ့အာဘော်

No comments:

Post a Comment