Written by ယုဝေ
Saturday, 30 May 2015
ရန်ကုန်၊ မေ ၂၉ ။ ။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက လယ်ယာမြေ လျော်ကြေးငွေ ယူမထားသည့် ပိုလျှံလယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုး ခွင့် ရရန် ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မေလ ၂၈ ရက်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီက ခွင့်မပြုခဲ့ဟု သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒေသခံ တောင်သူများက မဇ္ဈိမကို ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးမယူဘဲ သီးနှံလျော်ကြေးသာ ရယူထားသည့် တောင်သူများ၏ ကိုယ်စားလှယ်အဖြစ် တစ်ရွာလျှင် တစ်ယောက်နှုန်း တွေ့ ဆုံဆွေးနွေးရန် မေလ ၂၇ ရက်က ဝမ်ပေါင်ကုမ္ပဏီက အကြောင်းကြားလာသဖြင့် တောင်သူ ကိုယ်စားလှယ် ၆ ဦးက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူ မရီဝင်းက “ကျွန်မတို့ကို တွေ့ဆုံဆွေးနွေးချင်တယ်လို့ ပြောတယ်။ တွေ့တော့ ကျွန်မတို့က ခြံခတ်ထားတဲ့ မြေထဲက ပိုလျှံနေ တဲ့ မြေတွေကို စိုက်ပျိုးထွန်ယက်ခွင့်ပေးပါဆိုတော့ မပေးနိုင်ဘူးတဲ့ဆိုပြီး သီးနှံလျော်ကြေးယူထားတဲ့ မြေတွေဟာ သူတို့ ပိုင်ဆိုင်တယ်ဆိုပြီး စာချုပ်တွေ ထုတ်ပြ တယ်” ဟု ပြောသည်။
တောင်သူ ကိုယ်စားလှယ်များအဖြစ် တုံလယ်တောရွာမှ မစန္ဒာ၊ မိုးကြိုးပြင် (အလယ်ရွာ)မှ ကိုဘိုလင်း၊ တုံရွာမှ ဒေါ်ညိုလေး၊ မုဆိုးပြင် (မြောက်ရွာ)မှ မဇာခြည်လင်း ၊ တောကျောင်းရွာမှ ဒေါ်စန်းနွဲ့နှင့် ဆည်တည်းရွာမှ မရီဝင်းတို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဒေသခံ တောင်သူများက ယင်း လယ်ယာမြေများတွက် သီးနှံလျော်ကြေးငွေအဖြစ် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက တစ်ဧကလျှင် ငါးသိန်းနှစ်သောင်းမှ ငါးသိန်းခွဲ ကြား ရရှိခဲ့ပြီး ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးချိန်ကမူ စာချုပ်ပါ အချက်များကို ဖတ်ရှုခွင့်မရဘဲ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် စာချုပ်ပေါ်တွင် လက်မှတ်ထိုးပေး ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
Mizzima
No comments:
Post a Comment