Tuesday, May 5, 2015

တရုတ်နယ်စပ်ရှိ ဒုက္ခသည် (၃၀၀၀၀) ကျော်အား ခေါ်ယူရန် လာမည့် လွှတ်တော်တွင် အဆိုတင်မည်

4.5.2015

တရုတ်နယ်စပ်တွင် ကျန်ရှိနေသည့် ဒုက္ခသည် (၃၀၀၀၀) ကျော်အား ပြန် လည် ခေါ်ယူနိုင်ရန် လာမည့် ပြည်ထောင်စု လွှတ်တော်တွင် အဆို တင်သွင်းမည် ဖြစ်ကြောင်း လောက်ကိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။


 ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်နေ့ တွင် ကိုးကန့်ပုန်းရှောင် လက်နက်ကိုင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ လောက်ကိုင် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေသူ များဖြစ်သည်။

““ဒုက္ခသည် တော်တော် များများ ပြန် ရောက်ပြီ ဆိုပေမယ့် သုံးသောင်း ကျော်လောက် ကျန်သေးတယ်။ ဒါကြောင့် အစိုးရကို တင်ပြပြီး ပြန်ခေါ်နိုင်ဖို့ အတွက်ရယ်၊ ဒေသဖွံ့ဖြိုးရေး ပြန်လုပ်ဖို့ အတွက်ရယ် လွှတ်တော်မှာ အဆိုတင် သွင်းမှာဖြစ်တယ်”” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဆိုသည်။

လက်ရှိ လောက်ကိုင် မြို့သို့ ဒေသခံ တချို့ ပြန်လည် လာရောက် နေထိုင်ကြ သော်လည်း အဆင်မပြေမှု များကြောင့် လာရောက် မနေထိုင်သူ အများအပြား ရှိနေသေးကြောင်း သိရသည်။

သို့ဖြစ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတထံမှ ရန်ပုံငွေ တောင်းခံထားသည့် အပြင် တစ်နိုင်ငံလုံးရှိ ကိုးကန့် တိုင်းရင်းသားများ စုပေါင်း၍ ဖောင်ဒေးရှင်း ထောင်ထားကြောင်း သိရသည်။

““တရုတ်ဒုက္ခသည် စခန်းမှာရှိတဲ့ သူတွေ ပြန်ခေါ်ဖို့ နှစ်နိုင်ငံ သဘောတူထား တာတွေ ရှိ ပါတယ်။ ဘယ်လို ပုံစံနဲ့ ပြန်ခေါ်မလဲ ဆိုတာ ကတော့ မသိသေးဘူး””ဟု နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

တရုတ်ဒုက္ခသည် စခန်းရှိ ကိုးကန့် တိုင်းရင်းသားများ ပြန်လည် ခေါ်ယူ ရာတွင်လည်း နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင် ထားသူများ၊ သန်းခေါင်စားရင်း၌ ပါဝင်သူများကိုသာ ခေါ်ယူမည် ဖြစ်ပြီး၊ အထောက်အထား မရှိသူ များကိုမူ ပြန်လည် ခေါ်ယူမည် မဟုတ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

လောက်ကိုင် ဒေသတွင် တရားဝင် နေထိုင်သူ ကိုးကန့် တိုင်းရင်းသား တစ်သိန်း လေးသောင်း ကျော်ရှိပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုးကန့် တိုင်းရင်းသား လေးသိန်းကျော် ရှိကြောင်း လောက်ကိုင် ဒေသ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောကြားသည်။

Messenger News Journal

No comments:

Post a Comment