တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃)နှင့် လူဝင်မှုကြီးကြပ် ရေးဥပဒေတို့ဖြင့် အရေးယူမှု ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ဖမ်းမိခဲ့သည့် တရုတ်သစ်ခိုးဂိုဏ်းတွင် တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်ခဲ့ပြီး အပေါင်းအပါအဖြစ် မြန်မာနိုင်ငံသားအချို့လည်း ပါဝင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားများကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ-၃၊ ...လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) တို့ဖြင့် အရေးယူ ဆောင်ရွက်နေသည်ဟု သိရသည်။ တရားမဝင် ဝင်ရောက်ကာ သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ အပက (၃) ဖြင့်တရားစွဲရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီးနောက် အရေးယူတရားစွဲဆိုရန် ခွင့်ပြုမိန့်ကျခဲ့ပြီး တရားရုံးသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများမှာ စီမံကိန်းကြီး တစ်ခုသဖွယ် သစ်ခိုးထုတ်မှုကို နှစ်စဉ်လုပ်ကိုင်ခဲ့ခြင်းဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသားများ တရားမဝင် ခုတ်လှဲခဲ့သည့် သစ်တောနေရာများမှာ ပြန့်ကျဲနေပြီး ဝိုင်းမော်မြို့တွင်း၌ အရှေ့အနောက်ခွဲပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။ နောက်ဆုံးတွေ့ရှိထားသည့် သစ်လုံးအရေအတွက်မှာ ၁၆၁၂၁ လုံးဖြစ်ပြီး သစ်တန်ချိန်မှာ ရေတွက်ပြီးစီးသည့် သစ်လုံးရေ ၁၁၃၁၂ လုံးအရ တန်ချိန် (၃၁၂၁ ဒသမ ၉၈၅) တန်ရှိကြောင်း သစ်တောဦးစီးဌာနမှ တွက်ချက်ထားသည်။ တပ်မတော်၏ ထောက်လှမ်းမှုဖြင့် တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်သည့် တရုတ်သစ်ခိုးဂိုဏ်းနှင့် ၎င်းတို့အသုံးပြုသည့် မြေတူးစက်တစ်စီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုးလေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ ဆိုင်ကယ်ကိုးစီးတို့ပါ ဖမ်းဆီးနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်သစ်လုပ်ငန်း အကြီးဆုံးလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ခုနစ်ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉ဝ ခန့်မှာ မြန်မာနိုင်ငံမှ သစ်များဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီး အမေရိကန်ကို ကျော်တက်ရန်ပင် တာစူနေသည့် နိုင်ငံဖြစ်သည်။ ယင်းကဲ့သို့ ဂုဏ်သိက္ခာရှိသော အာရှထိပ်သီးနိုင်ငံမှ နိုင်ငံသားများအနေဖြင့် မိမိတို့ကိုယ်မိမိတို့ နိုင်ငံကြီးသားများဟု ခံယူရမည်ဖြစ်သည်။
စီးပွားရေးအရ ပြိုလဲမသွားရန် အနိုင်နိုင် ရုန်းကန်နေရသော အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံကို မိတ်ဆွေကောင်းပီသစွာ စောင့်ကြည့်ကူညီရမည် ဖြစ်သည်။ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်နိုင်ရန် တံခါးကိုအလွန်ကျယ်ပြောစွာ တရားဝင်ဖွင့်ထား ပေးပြီးဖြစ်သည်။ ယင်းကဲ့သို့သော အနေအထားတွင် တရုတ်နိုင်ငံသားများ အနေဖြင့် နိုင်ငံကြီးသား ပီပီသသ စီးပွားရှာရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ အစိုးရအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံကို မိတ်ဆွေကောင်းပီသမှု ပြသသည့်အနေဖြင့် မိမိတို့နိုင်ငံသားများအား ထိန်းသိမ်းပေးရန် လိုအပ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်သစ်ခိုးဂိုဏ်းတွင် ပါဝင်သော တရုတ်နိုင်ငံသားများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်လျက် အမှန်တကယ် အရေးယူနိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း
- The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

No comments:
Post a Comment