Monday, May 18, 2015

တရုတ်ဘက် ကျည်ဆန်ကျရောက်မှု ကိုးကန့်လက်နက်ကိုင်များ လုပ်ဆောင်ခြင်းဟု တပ်/ချုပ်ဆို

ရန်ကုန်၊ မေ ၁၈

မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံရေး ထိခိုက်စေရန်အတွက် တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကျည်များ ကျရောက်ခြင်း ကိစ္စသည် ကိုးကန့်လက်နက်ကိုင်များ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် နှစ်နိုင်ငံ နယ်စပ်ဒေသအနီးရှိ တရုတ်နိုင်ငံ နန့်စမ်မြို့တွင်းသို့ မြန်မာနိုင်ငံဘက်အခြမ်းမှ လက်နက်ကြီးကျည်များ ကျရောက်ခြင်းနှင့် ပတ်သက်ပြီး မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ သံအမတ်ကြီ H.E.Mr. Yang Houlan၊ စစ်သံမှူး Senior Colonel Wang Jinbo တို့နှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ တရုတ်နိုင်ငံဘက် အခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်း ဖြစ်စဉ်များတွင် ရန်သူ့တောင်ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာ အနေအထား၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေနှင့် အကွာအဝေးများအရ တရုတ်နိုင်ငံသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တရုတ်နိုင်ငံ သံအမတ်ကြီးကို ရှင်းလင်းပြောကြားကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မေလ ၁၄ ရက်ညပိုင်းတွင် MNDAA သောင်းကျန်းသူများ နေရာယူထားသည့် ပွိုင့်-၂၀၇၁ တောင်ကုန်းမှ တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီး ပစ်ခတ်သံနှင့် မီးအလင်းတန်းများကို မိမိတပ်များမှ မျက်မြင်တွေ့ရှိရသဖြင့် တရုတ်နိုင်ငံ လင်ချန်းစစ်ဒေသ ဆက်ဆံရေးအရာရှိသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မေလ ၁၄ ရက် ညပိုင်း နှစ်နိုင်ငံ နယ်ခြားမှတ်တိုင် အမှတ် ဘီပီ-၁၁၃ နှင့် ဘီပီ-၁၁၅ ဘက်တို့တွင် တရုတ်နိုင်ငံဘက်ခြမ်း၌ အမြောက်ကျည် ၄၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခြင်းသည်လည်း မြန်မာ့တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု မဖြစ်နိုင်ကြောင်း ၎င်းက အဆိုပါတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ယင်းနောက် တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan က တရုတ်-မြန်မာ နယ်စပ်ဒေသ အမြန်တည်ငြိမ် အေးချမ်းစေလိုပြီး နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေလိုကြောင်းနှင့် အင်တာနက် လူမှုကွန်ရက်များတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့နေခြင်းမှာလည်း မိမိအစိုးရအပေါ် ဖိအားဖြစ်စေပါသောကြောင့် နှစ်ဦးနှစ်ဖက် အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ယင်းဖိအားများကို လျှော့ချသွားမည်ဟု ပြောကြားကြောင်း မြဝတီ သတင်းဌာနက ဖော်ပြထားသည်။

ထို့အပြင် လက်နက်ကျည် ကျရောက်မှု ဖြစ်စဉ်နေရာများကို နှစ်ဖက်ကိုယ်စားလှယ်များနှင့် စစ်ဆေးရန် သဘောတူညီပြီး တိုက်ပွဲနေရာမှ ဆုတ်ခွာသွားသည့် ကိုးကန့်လက်နက်ကိုင်များ တရုတ်နိုင်ငံအတွင်းမှ ဖြတ်သန်းသွားလာမှု မရှိရေး စစ်ဆေးကြပ်မတ်ပေးစေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါတွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း မြဝတီသတင်းဌာနက ဖော်ပြထားသည်။

တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျော်ကျရောက်မှု ထပ်မံမဖြစ်ပွားရေး ကြိုးစားဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသအနီးရှိ ယူနန်ပြည်နယ်အတွင်းသို့ မေလ ၁၄ ရက်နေ့ ညတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်သော လက်နက်ကျည် ထပ်မံကျရောက်သောကြောင့် တရုတ်နိုင်ငံသားငါးဦး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနများတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အလားတူ တရုတ်-မြန်မာ နယ်စပ်အနီးတွင် တပ်မတော်က ကိုးကန့်လက်နက်ကိုင်တပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ကာ တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းဌာနများတွင် ဖော်ပြခဲ့သော်လည်း အဆိုပါဗုံးသည် မြန်မာ့တပ်မတော်လေယာဉ်မှ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများကို တုံ့ပြန်ပြောကြားခဲ့သည်။

 သို့သော်လည်း ဗုံးကျရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းစစ်ဆေးပြီးနောက် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်သောဗုံးသည် တပ်မတော်ပိုင် လေယာဉ်များက ပစ်လွှတ်လိုက်သော ဗုံးဖြစ်ကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံကို ဝန်ခံတောင်းပန်ပြီး သေဆုံးသူ တရုတ်နိုင်ငံသားများကို လျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

The VOICE

No comments:

Post a Comment