8.5.2015
လောက်ကိုင်ဒေသရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြသော ဒေသခံစစ်ရှောင်မိသားစုများသည် တိုက်ပွဲများရပ်စဲသွားသည့် အချိန်မှစတင်ကာ လောက်ကိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိရာ ယခုဆိုလျှင် ၇၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် BP-125 အနီးနှင့် ရန်လုံ ကျိုင်းနယ်စပ်ဂိတ်အနီးတွင် တိမ်းရှောင်ခိုလှုံနေသော ဒေသခံများသည် တဖြည်းဖြည်းဝင်ရောက်လာခဲ့ရာ မေ ၅ ရက်နေ့ အထိ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
“ မနေ့ကအထိ ပြန်ဝင်နေကြတုန်းပဲ အိမ်ထောင်စုကတော့ တစ်ရာ့ငါးဆယ်လောက်ရှိမယ်၊ မိသားစုဝင်တွေကတော့ ငါးရာကျော်တယ်၊ အခုလိုပြန်ဝင်လာတာ တကယ်ဝမ်းသာတယ်၊ ကိုယ့်ဒေသခံအချင်းချင်းပြန်တွေ့ရတာ ကံကောင်းတယ် လို့ မှတ်ယူပါတယ်၊ ဒီလိုမျိုးဒုက္ခတွေကို ဖန်တီးခဲ့တဲ့ ဖုန်ကြားရှင်အဖွဲ့ကိုတော့ ကိုးကန့်ဒေသမှာမရှိစေချင်တော့ဘူး ” ဟု ယင်းက ပြောကြားသွားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြန်လည်ဝင်ရောက်လာသော မိသားစုများအား နေရာထိုင်ခင်းစီစဉ်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးအား မေးမြန်းကြည့်ရာ မေလ ၅ ရက်နေ့အထိ လောက်ကိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သော ဒေသခံများမှာ အိမ်ထောင်စု ၂၂၅၅ စုနှင့် လူဦးရေစုစုပေါင်း ၆၉၃၃ ဦးရှိပြီဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ကိုးကန့်ဒေသတွင် အစိုးရအဖွဲ့ရှိမှန်းသိလျက် ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစော်ကားရာရောက်ကြောင်းနှင့် ယင်းအဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း အစိုးရမှထုတ်ပြန်ထားသလို ဒေသခံပြည်သူများကလည်း ဖုန်ကြားရှင်၏လုပ်ရပ် ကို လုံးဝလက်မခံနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။
“ အဲဒီအဖွဲ့ကြောင့် ငါတို့သားတစ်ကွဲမယားတစ်ကွဲဖြစ်ရ တာ၊ ဒေသတစ်ခုလုံးတိုက်ပွဲတွေဖြစ်ခဲ့တော့ စစ်တလင်းအဖြစ် အကျဉ်းတန်ခဲ့ရတယ်၊ စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းခဲ့ရတယ်၊ သားသမီးတွေရဲ့ပညာရေးထိခိုက်ခဲ့တယ်၊ ကျန်တဲ့လူမှုရေး၊ ကျန်းမာရေးအားလုံးအခက်အခဲဖြစ်နေရတုန်းပဲ၊ အဲ့ဒီလိုအဖွဲ့ကို ဘာမှငြိမ်းချမ်းရေးဆွေးနွေးစရာမလိုဘူး၊ အပြတ်သာတိုက် ပစ်” ဟု လောက်ကိုင်မြို့တွင်းသို့ လွန်ခဲ့သောတစ်ပတ်ခန့် က ပြန်လည်ရောက်ရှိလာသော မြို့ခံတစ်ဦးကလည်း ပြောကြား သွားသည်။
ဇင်သန့်
No comments:
Post a Comment