10.6.2015
...
အရှေ့တောင်အာရှအတွင်း အကြီးမားဆုံးရေကာတာဖြစ်လာမည့် မိုင်းတုံ(အထက်သံလွင်)ရေကာတာဆောက် လုပ်ရန် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြည်သူလူထုထိခိုက်မှုကို ကွင်းဆင်းစစ်တမ်းကောက်ယူနေသည့် SMEC ကုမ္ပဏီက ကမ္ဘာကိုလှည့်ဖြားနေကြောင်း သျှမ်းပြည်နယ်ပြည်သူလူထုလှုပ်ရှားမှုအဖွဲ့က ပြောဆိုသည်။
“EIA-SIA သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြည်သူလူထုထိခိုက်မှုကို စစ်တမ်းကောက်ယူတယ်ဆိုတာ နာမည် တော့လှတယ်။ ဒါပေမဲ့ ရေကာတာ ဆောက်လုပ်ဖို့ လမ်းစ တခုဖြစ်တယ်။
လျှပ်စစ်မီးရမယ်ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ သူတို့ဝပ်ဆိုက်ဒ်မှာ အားလုံးအကောင်းတွေချည်း ရေးထားတယ်။ အဆိုးတခုမှ မရေးထားဘူး။ ပြည်သူတွေက အကောင်းမြင်တယ်လို့ဘဲ ရေးထားတယ်။ ခေါင်းမှာအနီပတ်စည်းထားပြီး ဆန့်ကျင်တဲ့ အကြောင်းတခုမှ မရေးထားဘူး။ ပြည်သူတွေကို ဘယ်လိုထိခိုက်မယ်ဆိုတာ မပြောထားဘူး။ ရေကာတာ ဆောက်လုပ်မဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းလည်း မပြောထားဘူး။ ဒါဟာ ကမ္ဘာကို လှည့်ဖြားနေတာဘဲ” ဟု သျှမ်းပြည်နယ်ပြည်သူလူထုလှုပ်ရှားမှုအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောပါသည်။
ရေကာတာဆောက်လုပ်မည့်ကုမ္ပဏီများကလည်း ဒေသခံများအား ရေကာတာဆောက်လုပ်ရန် သဘောတူ/ မတူဆိုသည့် ခေါင်းစဉ်ဖြင့် မေးမြန်းခြင်းမရှိဘဲ တခြားသောခေါင်းစဉ်တခုခုဖြင့် လှည့်ဖြားကာ လက်မှတ်များ ယူဆောင်သွားတတ်ကြောင်း၊ ထို့ကြောင့် သတိထားကြမည်ဖြစ်ကြောင်း စိုင်းခေးဆိုင် က ပြောပါသည်။
“အစတော့ ထောက်ခံဖို့ ပစ္စည်းပေးမယ်။ ပစ္စည်းပေးလို့မရရင် ငွေပေးမယ်။
ဒါကြောင့် ငွေယူတဲ့သူနဲ့ ငွေမယူတဲ့ သူတွေ ရန်ဖြစ်မယ်။ ငွေပေးလို့မရရင် စစ်သားတွေ ရဲတွေကိုငှားပြီး ချိန်းခြောက်ခိုင်းမယ်။ ဒါပေမဲ့ ပြည်သူတွေ ကြောက်ဖို့မလိုဘူး။ ကိုယ့်ဘက်မှာ အင်အားများများရှိဖို့ဘဲလိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပြည်သူတိုင်း သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတတွေကို ထိန်းသိမ်းပိုင်ခွင့်ရှိတယ်လို့ ရေးထားတယ်။ အရေးကြီးဆုံး အချက်က ဘာပဲဖြစ်ဖြစ် ဘာပဲပြောပြော ဗီဒီယိုတွေ ဓာတ်ပုံတွေ ရိုက်ထားရမယ်။ ဒါဟာ သက်သေတခုဖြစ် တယ်။ ပါးစပ်နဲ့ပြောရင် မယုံကြဘူး။”
ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပါက ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ စိတ်ဝမ်းကွဲ ပြီး တိုက်ပွဲဖြစ်ပါကလည်း ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ ရေကာတာဆောက်လုပ်ခြင်းကြောင့် ရေလွှမ်းမိုး သည့်အခါမှာလည်း ပြည်သူသာ နစ်နာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ တစိတ်တဝမ်းတည်း အားမလျှော့ဘဲ ကြိုးစားရင်ဆိုင်ရမည်ဖြစ်ကြောင်း စိုင်းခေးဆိုင်ကပြောသည်။
ထို့အပြင် မိုင်းတုံ(အထက်သံလွင်)ရေကာတာစီမံကိန်းကို ချက်ချင်းရုတ်သိမ်းပေးရန် သျှမ်းပြည်နယ်ပြည်သူ လူထုလှုပ်ရှားမှုအဖွဲ့က ဂျွန်လ ၉ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ The Foreign Correspondents’ Club of Thailand FCCT တွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်၍ တောင်းဆိုလိုက်သည်။
မိုင်းတုံ(အထက်သံလွင်)ရေကာတာစီမံကိန်းကို တရုတ်ကုမ္ပဏီ Three Gorges Corporation ၊ ထိုင်းကုမ္ပဏီ The Electricity Generating Authority of Thailand ၊ International Group of Entrepreneurs နှင့် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနတို့ ပူးပေါင်းတည်ဆောက်မှာဖြစ်ကြောင်း၊ မိုင်းတုံရေကာတာမှ လျှပ်စစ်မီး ရ၀၀၀ မီကာဝပ်ထွက်ရှိမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို ထိုင်းနှင့်တရုတ်ကို တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ဆိုပါသည်။
သျှမ်းသံတော်ဆင့်

No comments:
Post a Comment