ခင်ဆုဝေ | Wednesday, 10 June 2015
တရုတ် - မြန်မာငွေ လဲလှယ်မှုနှုန်းထား ပြောင်းလဲလာခြင်း၊ စက်ရုံမှ နယ်စပ်သို့သယ်ဆောင်
စရိတ်မြင့်တက်လာခြင်းတို့ ကြောင့် တရုတ်ဓာတ်မြေဩဇာဈေးနှုန်းသည် လွန်ခဲ့သောသုံးလခန့်က
ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် ၂၀ ရာခိုင်နှုန်းခန့်မျှ မြင့်တက်သွားခဲ့ကြောင်းမန္တလေးမြို့ရှိ
ဓာတ်မြေဩဇာရောင်းဝယ်သူများထံမှ သိရသည်။
သုံးလတာကာလကာလအတွင်း တရုတ်ငွေကြေးလဲလှယ်မှု နှုန်းထားသည် ၁ ယွမ်လျှင် ၁၅၆ ကျပ်မှ
ကျပ် ၁၈၀ ၀န်းကျင် သို့ မြင့်တက်နေစဉ်တွင် သယ်ယူပို့ဆောင် စရိတ်သည်လည်း တစ်တန်လျှင်
ယွမ် ၇၀ မှ ၁၂၅ ယွမ်သို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းငွေကြေးလဲလှယ်မှု နှုန်းထားသည် သုံးနှစ်တာကာလအတွင်း ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
တရုတ်- မြန်မာ ငွေလဲလှယ်မှုမြင့်တက်ရခြင်းမှာ ဒေါ်လာဈေးမြင့်တက်ခြင်း၊ မြန်မာငွေ တန်ဖိုးကျခြင်းနှင့်
လည်းသက်ဆိုင်နေသည်။ ထိုကြောင့် သုံးလအတွင်း တရုတ်ပန်းဖူးတံဆိပ် ပုလဲ ဓာတ်မြေဩဇာ
၅၀ ကီလိုဂရမ် တစ်အိတ်သည် ကျပ် ၁၈,၀၀၀ မှ ၂၁,၀၀၀ ကျပ်သို့လည်းကောင်း၊ ရွှေတောင်ပုလဲသည်
တစ်အိတ်သည် ကျပ် ၁၇,၈၀၀ မှ ၂၁,၀၀၀ ကျပ်သို့လည်းကောင်း၊ သံလွင် ဂျီတီသည် ကျပ် ၁၇,၆၀၀ သို့
လည်းကောင်း၊ NPK ၁၀၁၀၅ တံဆိပ်သည် ကျပ် ၁၂,၂၀၀ မှ ကျပ် ၁၃,၃၀၀ သို့လည်းကောင်းမြင့်တက်
ခဲ့သည်။
အိန္ဒိယပုလဲသည် ကျပ် ၁၅,၈၀၀ မှ ကျပ် ၁၇,၅၀၀ သို့ ဈေးတက်ခဲ့သည်။ တရုတ်ဓာတ်မြေဩဇာကို
မန္တလေးမှတစ်ဆင့် တစ်နိုင်ငံလုံး ဖြန့်ဖြူးနေပြီး အခြားနိုင်ငံထုတ်ဓာတ်မြေဩဇာများသည် ဈေးနှုန်းအရ
တရုတ်ဓာတ်မြေဩဇာကို ယှဉ်နိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။ ဓာတ်မြေဩဇာရောင်းဝယ်ရေးသမား
တစ်ဦးဖြစ်သူ ဦးနိုင်တိုးက ဓာတ်မြေဩဇာလိုအပ်ချက် အများဆုံးကာလသည် ဇူလိုင် မှ
အောက်တိုဘာလအတွင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အရောင်းအ၀ယ် ထင်သလောက်
မဖြစ်ခြင်းသည် မိုးခေါင်ခြင်း၊ ဆည်အချို့တွင် ရေမရှိတို့ကြောင့် ဖြစ်သည် ဟု ဆိုသည်။
"အရောင်းအ၀ယ်သာ ကောင်းတယ်ဆိုရင်တော့ တရုတ်ဓာတ်မြေဩဇာ ဒီထက်ပိုဈေးတက်မှာ
သေချာပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်း ဓာတ်မြေဩဇာတွေကို ဈေးကွက်ထဲ ပေါက်စေချင်တယ်။
ပြဿနာက သူက ကြာကြာထားလို့မရတာပါဘဲ။ တစ်ပတ်လောက်ကြာတာနဲ့ မလှတော့ဘူး။
နောက်ထပ်က သယ်ယူပို့ဆောင်စရိတ်က တစ်အိတ် ကို ကျပ် ၁,၇၀၀ လောက်ကျနေတယ်
၊ အဲဒီ တော့ အပေါ်ထိ တက်မလာဘူး။ အောက်ဘက် မှာပဲ အရောင်းအ၀ယ်လုပ်နေကြတယ်" ဟု
၎င်းက ဇွန်လ ၃ ရက်နေ့တွင် ပြောခဲ့သည်။
တရုတ်ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်လာခဲ့သော်လည်းအဆိုပါဈေးနှုန်းသည်အခြား နိုင်ငံထုတ်
ကုန်များနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းသက်သာနေဆဲဖြစ်ပြီး နယ်စပ်မှ အချိန်တိုအတွင်း ရောက်ရှိနိုင်ခြင်း၊
မူဆယ်မှ သယ်ယူပို့ဆောင်ရေးလွယ်ကူခြင်းတို့ကြောင့် ဈေးကွက်ဝေစုကြီးကြီး ရနေဆဲဖြစ်သည်။
"လယ်သမားတွေက ကွာလတီကောင်း တာဟာ သူတို့အတွက် ရေရှည်အကျိုးဖြစ် ထွန်းတယ်ဆိုတဲ့
အချက်ကို နားလည်သင့်ပါတယ်" ဟု ဗီယက်နမ်ဓာတ်မြေဩဇာတင်သွင်းသော ဒေါက်တာမျိုးအောင်သူက
မြန်မာတိုင်း(မ်)သို့ ဇွန်လ ၃ ရက်နေ့တွင် ပြောခဲ့သည်။
လစဉ် တန်ရာဂဏန်းမျှ တင်သွင်းသော ၎င်းက လယ်သမားများသည် ဈေးနှုန်းသက်သာသည်ကိုသာ
အဓိကအချက်အနေဖြင့် သတ်မှတ်ထားကြကြောင်း၊ အဆိုပါ အရည်အသွေးနိမ့်သော
ဓာတ်မြေဩဇာ သည် အထွက်နှုန်းကျဆင်းစေသည်သာမက မြေဆီကိုပါ ပျက်စီးစေသည့်အပြင်
လူ့ ကျန်းမာရေးကိုပါ ဆိုးကျိုးသက်ရောက်စေသည်ဟု ၎င်းကပြောသည်။ "အထွက်နှုန်းရယ်၊
ထည့်ရမယ့်ဓာတ်မြေဩဇာအချိုးရယ် ကြည့်မယ်ဆိုရင် ဈေးနှုန်း အတူတူလောက် ဖြစ်သွားတာပါပဲ" ဟု
၎င်းကဆိုခဲ့သည်။ ၎င်းတင်သွင်းသော ဗီယက်နမ်တံဆိပ်သည်လည်း ၂၀၁၄ နိုဝင်ဘာလနောက်ပိုင်း
မှစတင်ခါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၂,၀၀၀၊ ၃,၀၀၀ ခန့် မြင့်တက်ခဲ့သည်။
တရုတ်ဓာတ်မြေဩဇာသည် အရည် အသွေးနိမ့်သည်ဟု သတ်မှတ်ကြသော်လည်း မူဆယ်မှ
တင်သွင်းသော ကုန်သည်များက နေ့စဉ် တရုတ်ဓာတ်မြေဩဇာ တန် ၇၅၀ အ၀င်ရှိသည်ဟု
ဆိုခဲ့သည်။
ယခုနှစ်ဆန်းပိုင်းကလည်း မြန်မာနိုင်ငံသည် တရုတ် နိုင်ငံ ကူမင်းပြည်နယ်နှင့် ယွမ် ၅၇ ဘီလျံ
ကုန်သွယ်ရန် လက်မှတ်ထိုးခဲ့ပြီး စိုက်ပျိုး ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို
မူဆယ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ ရန်လည်း ပါရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာ
လိုအပ်ချက်များပြားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံတို့က တင်သွင်းရန် စိတ်ဝင်စားလာခဲ့ကြပြီး
ဓာတ်မြေဩဇာတင်သွင်းမှု နှင့် ပတ်သက်၍ ဖြေလျှော့မှုများကိုလည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်
မြန်မာနိုင်ငံက ပြုလုပ်လာခဲ့သည်။ "အင်ဒိုနီးရှားတံဆိပ်ဖြစ်တဲ့ မာကိုတာက ဈေးကွက်ထဲ
တော်တော်လေး ပေါက်နေပါပြီ။ နေပြည်တော်တစ်ဝိုက် ဒါကိုပဲ သုံးကြတယ်" ဟု မြန်မာ့
သကြားအများပိုင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဋ္ဌေးက ဇွန်လ ၃ ရက်နေ့တွင်
ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာကို ၁၉၈၇ ခုနှစ်ကတည်းက လွတ်လပ်စွာ တင်သွင်းခွင့်
ရရှိခဲ့သော်လည်း ကုမ္ပဏီအချို့ သာ တင်သွင်းခွင့်ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ် တွင် ပုဂ္ဂလိက ကဏ္ဍမှ
ဓာတ်မြေဩဇာ တင်သွင်းမှုကို မြှင့်တင်အားပေးခဲ့ပြီး ဓာတ်မြေဩဇာ ဥပဒေကိုလည်း
အတည်ပြုပေးနိုင်ခဲ့သည်။ "ဒီဥပဒေအရဆိုရင် အစိုးရက Thirdparty အနေနဲ့ ကြားဝင်သင့်ပါတယ်။
ကျောသား ရင်သားမခွဲဘဲ၊ ရင်းနှီးကျွမ်းဝင်မှုကိုမကြည့် ဘဲ ဓာတ်မြေဩဇာအတု၊ သတ်မှတ်ထားတဲ့
စံချိန်စံညွှန်းနဲ့မတင်သွင်းသူကို အရေးယူသင့်ပါတယ်" ဟု ဒေါက်တာမျိုးအောင်သူက ပြောခဲ့သည်။
Myanmar Times
No comments:
Post a Comment