ဒီနေရာတွင်
တခုပြောလိုသည်မှာ ဦးသန့်သည် ကမ္ဘာ့ကုလသမဂ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သဖြင့်
မြန်မာလုထုအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သော်လည်း မြန်မာ့နိုင်ငံရေးတွင်
သူလက်ရှိရယူထားသော ရာထူးအရ ထဲထဲ ၀င်ဝင် ပါဝင်နိုင်ခဲ့ခြင်း မရှိ၊
ပါလည်းမပါခဲ့။ သို့သော် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့သည်။ ချစ်ခဲ့ကြသည်။
တန်ဘိုးထားရမှန်း သိခဲ့ကြသည်။
ဤကဲ့သို့ သော လူသားမဟာတဦးအား အများသူငါလို နေရာတွင် မထင်မရှား မြှုပ်နှံသင်္ဂြိုလ်မည့်အရေးအား တနိုင်ငံလုံးရှိ ရဟန်း ရှင်လူ ပြည်သူအပေါင်းက အသက်ပေါင်းများစွာ ရင်း၍ ကာကွယ်ခဲ့ကြသည့် သမိုင်းဖြစ်စဉ်များကို အားလုံးသိပြီး ဖြစ်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်က ဦးသန့်ကဲ့သို့ပင် ကမ္ဘာသိ လူသားမဟာ အမျိုးသမီးကြီးသာမက တိုင်းပြည်နှင့် လူထုအား ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်ရန် သံဓိဌာန် ချထားပြီးသူ တယောက်။
(မင်းမြတ်အောင် ဆိုသူမှ ၎င်း၏ “အင်္ကျီပြာတစ်ထည် လွှင့်ထူသွားခဲ့သည့် တပ်ဦးတံခွန်” ပို့စ်တွင် အခုလို ဖေါ်ပြခဲ့ပါတယ်။
ဒီအမျိုးသမီးကြီးရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ချစ်မြတ်နိုးမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ရဲစွမ်းသတ္တိရှိမှု၊ ကိုယ်ကျင့်သီလ စင်ကြယ်မှု၊ ဉာဏ်ပညာကြီးမြင့်မှု၊ ဇွဲလုံ့လဝီရိယ ရှိမှု၊ ရန်ညှိုးအာဃာတ ကင်းမဲ့မှု၊ ပွင့်လင်းရိုးသားမှု၊ အဂတိ လာဘ်ပေးလာဘ်ယူကင်းရှင်းမှုတွေကိုတော့ အသိအမှတ်မပြုဘဲ၊ မလေးစားဘဲ မနေနိုင်အောင်ပါပဲ။ )
အဆိုပါ အချက် တချက်မှားက အဆင့်အတန်းရှိရှိ ဝေဖန်မှုကို အထူးကြိုဆိုပါသည်။
ဤနေရာတွင် အချို့သော အဖွဲ့အစည်းများက ကျောင်းသားအရေး ၀င်မပြော၊ အလုပ်သမားအရေး ၀င်မပြော၊ ဘင်္ဂလီအရေးဖြင့် မသိချင်ယောင်ဆောင်နေ စသည့်ဖြင့် ကျဉ်းမြောင်းသော အဖွဲ့အစည်း သံယောဇဉ်ဖြင့် ရှုတ်ချ ပြောဆို သွေးထိုးခဲ့ကြသည်။
အသို့ဆိုက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းရရှိထားသော အဆင့်အတန်းနှင့် လျော်ညီစွာ နိုင်ငံရေးတွင် မပါဝင်ပဲ အိမ်တွင်ထိုင်နေမည်ဆိုက ဒီကိစ္စကတော့ အစိုးရ မလုပ်သင့်ဘူး။ ဒီကိစ္စကတော့ မဖြစ်သင့်ဘူး အစရှိသည်ဖြင့် ဖြစ်လာသည့် ပြသာနာတိုင်းအား ပေါက်ပေါက်ဖေါက်သည့်အလား သာမန်လူတယောက်လို ၀င်ပြောနိုင်သည်။
ယခုကိစ္စကား နှစ်လမ်းသွားလို့မရ၊ တမျိုးသားလုံးအား ဦးဆောင်သွားရန် နိုင်ငံရေးလောကတွင် ဆောင်ရွက်နေသူအဖို့ မဟာဗျုဟာ ဆိုသည်မှာ မရှိပဲ နေမည်မဟုတ်။ သာမည နှင့် အဓိကကို ခွဲခြားနိုင်ခြင်း သေနင်္ကဗျုဟာ တမျိုးပင်။ သို့အတွက်လည်း စစ်တပိုင်းအစိုးရမှ ထောင်ထားခဲ့သော မိုင်းကွင်း၊ သတ်ကွင်းများကို ယခုအချိန်အထိ ရှောင်ရှားနိုင်ခဲ့သည် မဟုတ်ပါလား၊
ဟိုလက်လမ်းကော ဒီဘက်လမ်းပါ လုပ်ရမည်ဟု အတင်းပြောဆိုနေခြင်းကား သူငယ်နာမကင်းသော အပြုအမူများသာ ဖြစ်သည်။
ဤသည်နှင့် စပ်လျင်းပြီး တခါ မိတ်ဆွေတယောက်နှင့် မြန်မာရုပ်ရှင်များအကြောင်းစကား စပ်မိတော့ သူက ရယ်စရာအနေဖြင့် ပြောတာ မှတ်မိပါသေးသည်။ သူက ပြောပြသည်မှာ.. ဗီဒီယို အခွေငှားပြီး အိမ်တွင် ကြည့်ကြတော့ အိမ်ဖေါ်လုပ်သူ မသန်းအေး ဆိုသူ အမျိုးသမီးသည် အိမ်ဖေါ်များ ထုံးစံအတိုင်း အိမ်ရှင်များ နောက်တွင် ကြုံ့ကြုံ့လေးထိုင်ရင်း ကြည့်နေရာက ပါးစပ်မလည်း အနားမပေးပဲ ဗီလိန်ကို အဲ့သည့် သောက်ကောင် ရုပ် မကြည့်ချင်ဘူး၊ ကောက်ကျစ်လိုက်တာတော်၊ အပြင်မှာဆို ပါးကွဲအောင် ဆွဲရိုက်ပြစ်တယ်။ မင်းသားက အ ရန်ကော၊ သူ့မကောင်းကြံတဲ့သူ ကြည်ဖြူနေပြန်ပြီ၊ အဲ့တာ တကယ်မဟုတ်ဘူး၊ ညာပြောနေတာ ဒါတောင်မသိဘူးလား အစရှိသဖြင့် ဆီမန်း မန်းသလို ပြောနေ၍ မိတ်ဆွေမှ မသန်းအေးရယ် ကျွန်တော်တို့ ရုပ်ရှင်ကောင်းကောင်း ကြည့်ပါရစေဟု ဟန့်ယူရသည်အထိ၊ နောက်ဆုံး ဇာတ်ပေါင်းတော့ မင်းသားက ဗီလိန်ကို အောင်ပွဲခံ၊ မသန်းအေးမှ ဒါမှ ဒို့မင်းသား ဟု ဆိုကာ ထသွားလေတော့ ဟူသတည်း။
အဆိုပါ ဖြစ်ရပ်နှင့် အလားသဏ္ကန်တူသော မသန်းအေး များကား တိုင်းပြည်တွင် အံသြဘွယ် ကောင်းလောက်အောင် ရှိနေပေပြီကော။
HSW

No comments:
Post a Comment