Sunday, June 21, 2015

တရုတ်သစ်ခိုးထုတ်ဂိုဏ်းက ခုတ်လှဲခဲ့သည့်သစ်များကို တိုင်းထွာချက်အရ တန်ချိန်ပေါင်း ၄၅၀၀ ကျော်ရှိ

အစိုးရသစ်လက်ထက်အတွင်း သစ်ခိုးထုတ်မှုဖြစ်စဉ်နှင့် ပတ်သတ်ကာ ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တွင် အကြီးမားဆုံးဖြစ်သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းက ခုတ်လှဲခဲ့သည့်သစ်များကို တိုင်းထွာခဲ့ရာ တန်ချိန်ပေါင်း ၄၅၅၇ ဒသမ ၅၆၅ တန်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းမှာ ယခုနှစ် ဇန်န၀ါရီလအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်ဒေသတစ်ဝိုက်တွင် သစ်အလုံးရေ ၁၆၁၂၁ လုံးကို ခုတ်လှဲထားမှုကို တပ်မတော်စစ်ကြောင်းမှ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


၎င်းအပြင် တရုတ်နိုင်ငံသားများ ခုတ်လှဲခဲ့မှုမှာ သစ်မျိုးစုံပါဝင်ခဲ့ပြီး စက်ယန္တရားကြီးများဖြင့် စီမံကိန်းကြီးသဖွယ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးချက် ထွက်ပေါ်လာခဲ့သည်။

လက်ရှိတွင် တိုင်းထွာစစ်ဆေးခဲ့ပြီးသော ခုတ်လှဲခံခဲ့ရပြီးဖြစ်သည့် သစ်အလုံးရေများကို မြန်မာ့သစ်လုပ်ငန်းသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းရယူခဲ့ပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

သစ်ခိုးထုတ်ခဲ့သော တရုတ်နိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ထားပြီး အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ အပက (၃) ဖြင့် ထပ်မံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်းမှ ဖမ်းမိခဲ့သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းမှာ လွန်ခဲ့သောနှစ်များကတည်းက မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်ခိုးထုတ်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု သစ်တောဦးစီးဌာန စစ်ဆေးချက်အဖြေများအရ သိရသည်။

သစ်ခိုးထုတ်ခဲ့သော တရုတ်နိုင်ငံသား ၁၃၈ ဦး မှာ သစ်ခိုးထုတ်ရာတွင် မြေတူးစက် တစ်စီး၊ ၀န်ဆွဲယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုးလေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ ဆိုင်ကယ်ကိုးစီးတို့ကို အသုံးပြုခဲ့သည်။

ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးနိုင်ခဲ့သောကြောင့် မူးယစ်ဥပဒေဖြင့် တရားစွဲဆိုသွားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြားသည်။ တရုတ်နိုင်ငံအနေဖြင့် ယခုဖြစ်စဉ်အပေါ် ၎င်းတို့၏ နိုင်ငံသားများအခွင့်အရေးအတွက် ကာကွယ်ပြောဆိုမှုများ ပြုလုပ်ထားသည်။

တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၂ ခုနှစ်မှစတင်ကာ သစ်အပါအ၀င် သယံဇာတများကို ခိုးထုတ်နေခဲ့သည်ဟု သစ်တောဦးစီးဌာန၏ တာဝန်ရှိသူများမှ ပြောကြားမှုများရှိခဲ့သည်။

ယခင်ကာလများက သစ်အပါအ၀င် သယံဇာတများ ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို သစ်တောဥပဒေ၊ လ၀က ဥပဒေတို့ဖြင့်ပင် အရေးယူပါက အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ခြင်းရှိသော်လည်း ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်များသာ အများဆုံး ချမှတ်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမ၀င် သစ်လုပ်ငန်းအကြီးဆုံးလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့တင်သွင်းနေပြီး ရာခိုင်နှုန်း ၉၀ ခန့်မှာ မြန်မာနိုင်ငံမှသစ်များ ဖြစ်ကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။

Writer: အောင်ရဲကို
eleven

No comments:

Post a Comment