နေပြည်တော်၊ ဇွန် ၁၂
မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ နိုင်ငံခြားခရီးစဉ် ဆက်တိုက်ထွက်ခွာနေမှုကြောင့် တွေ့ဆုံမှု မဖြစ်နိုင်သေးသော ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့ ခရီးသွားနေသော ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လျှင် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်သည် ယနေ့ (ဇွန်လ ၁၂ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခြောက်ပွင့်ဆိုင်တွေ့ဖို့က တစ်ယောက်ပြီးတစ်ယောက် ခရီးသွားနေကြတယ်။ အခုဆိုလည်း အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည် သွားနေတယ်။ ပြန်လာရင်တော့ ပြန်ညိုရမှာပေါ့။ ခေါင်းဆောင်တွေ အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခရီးသွားနေရတာ လူစုံရင်တော့ ပြန်ညှိရမှာပေါ့။ ဘာလို့တုန်းဆိုတော့ နာယကကြီးရဲ့ ခရီးစဉ်ဆိုလည်း ကျွန်တော်တို့ ကြိုမသိရဘူးလေ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ခရီးစဉ် ကျွန်တော်တို့ ကြိုမသိဘူး။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လာလို့ ရှိရင်တော့ အချိန်တစ်ခု ပြန်ညှိရမှာပေါ့” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ပခရီးသွားစဉ်က တပ်ချုပ်ပြန်ရောက်လျှင် ညှိနှိုင်းတွေ့ဆုံမည်ဟု ဦးရဲထွဋ်က ပြောဆိုခဲ့သော်လည်း ယနေ့တိုင် တွေ့ဆုံမှု မရှိသေးပေ။
ယင်းခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရလဒ်ကောင်းဖြစ်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုထားသော်လည်း ပြင်ဆင်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲခွဲဆုံးဖြတ်မှုသာ အဓိကကျကြောင်း ဦးရဲထွဋ်က ပြောသည်။
“လွှတ်တော်နဲ့ပဲဆိုင်တယ်။ နိုင်ငံတော်သမ္မတလည်း ဝင်ဆုံးဖြတ်လို့မရဘူး။ အကျိုးသက်ရောက်မှု ရှိမရှိ ဆိုတာတော့ လူကြီးတွေ ဆုံးဖြတ်မှ သိမှာပေါ့။ ဆွေးနွေးသည်ဖြစ်စေ၊ မဆွေးနွေးသည်ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ မဲပေးပြီး ဆုံးဖြတ်လို့ ရတာပေါ့။ ဒါကတော့ ပထမအဆင့်ပေါ့” ဟု ၎င်းကဆိုသည်။
လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆန္ဒသည် ကာကွယ်ရေးဦးစီးချုပ်၏ ဆန္ဒအတိုင်း ဖြစ်နေသော်လည်း ယခုပြင်ဆင်မည့် အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုကို စောင့်ကြည့်စေလိုကြောင်း ၎င်းကဆိုသည်။
ခြောက်ပွင့်ဆိုင် တွေ့ဆုံနိုင်ရေးတွင် အစိုးရဘက်မှ ရှောင်လွဲနေသည့် သဘောသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုထားသည်။
The Voice Weekly
No comments:
Post a Comment