Wednesday, June 10, 2015

လက်ပံတောင်း ပဋိပက္ခ ဆောင်ရွက်သူ ရှေ့နေ (၂)ဦးအား အကျိုးဆောင် အဖြစ်မှ ရုပ်သိမ်း

          လက်ပံတောင်းတောင် ပဋိပက္ခတွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးသော ရှေ့နေနှစ်ဦးသည် ပွင့်လင်း မြင်သာမှု မရှိသောကြောင့် အကျိုးဆောင် အဖြစ်မှ ရုပ်သိမ်း လိုက်ကြောင်း သံဃာတော် များက ရွှေတောင် ကျောင်းတိုက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မိန့်ကြားခဲ့သည်။

          မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းနှင့် အထက်မြန်မာပြည် ရှေ့နေများ ကွန်ရက်မှ ဦးသိန်းသန်းဦးတို့သည် အစိုးရအပေါ် တိုင်ကြားစာပို့ခြင်း၊ တရားစွဲဆိုခြင်းနှင့် ကိစ္စရပ် များကို လိုက်ပါ ဆောင်ရွက်ပေးသော်လည်း ကာယကံရှင် မီးလောင်ဗုံးသင့် သံဃာတော်များအား တစ်စုံတစ်ရာ အသိပေး ပြောကြားခြင်း မရှိသောကြောင့် ရုပ်သိမ်းရခြင်း ဖြစ်သည်ဟု မီးလောင်ဗုံး ဒဏ်ရာရ သံဃာတော် ဦးဝိသုဒ္ဓ ကမိန့်သည်။

          ““ပြည်ထဲရေး ၀န်ကြီးနဲ့ ရဲချုပ်ကို တရားစွဲတုန်းကလည်း အမှုဖွင့်လို့ မရဘူးသာ ပြောတယ်။ ဘယ်အချက်အလက် တွေ နဲ့ အမှုဖွင့် တိုင်ကြားတယ် ဆိုတာ မသိရဘူး။ တခြားအဖွဲ့တွေနဲ့ ဆက်သွယ် လုပ်ကိုင် တာတွေကိုလည်း မသိရပါဘူး။ ဒါကြောင့် သူတို့နဲ့ လက်တွဲလို့ မဖြစ်တော့လို့ပါ””ဟု ထပ်မံ မိန့်ကြားသည်။

          Justie Trust မှ တာဝန်ခံ မရည်မွန်ထွန်း၊ ရှေ့နေ ဦးအောင်သိန်းနှင့် ဆရာတော် ဦးတိက္ခ ဉဏတို့သည် မတ် (၂၅) ရက်က တရုတ်ဝမ်ပေါင် ကုမ္ပဏီ၏ မိခင် ကုမ္ပဏီဖြစ်သည့် “နိုရင်ကို”ကုမ္ပဏီသို့ သွားရောက် ခဲ့သော်လည်း တင်ပြဆွေးနွေး ခဲ့သည့် အချက်များ၊ တောင်းဆိုခဲ့သည့် အချက်များ၊ ညှိနှိုင်းခဲ့သည့် အချက်များကို ယနေ့ချိန်ထိ ရှင်းပြ ပြောဆိုခြင်း မရှိသေးကြောင်း  ဦးဝိသုဒ္ဓက မိန့်သည်။

          ““တရားဥပဒေ စိုးမိုးမှု လုံးဝမရှိပါဘူး။ ရှေ့နေတွေထဲမှာ နှစ်ဖက်စား ရှေ့နေတွေ တွေ့နေရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဆင်းရဲသား ပပျောက်ရေးထက် တရားဥပဒေ စိုးမိုးရေးရှိဖို့က ပိုအရေးကြီး ပါတယ်””ဟု ဆရာတော် ဦးပါမောက္ခက သုံးသပ်မိန့်ကြားသည်။

          အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အထက်မြန်မာပြည် ရှေ့နေများ ကွန်ရက်မှ ဦးသိန်းသန်းဦး ထံသို့ The Messenger Media က ယမန်နေ့ ညနေ (၄) နာရီခွဲတွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းပိတ်ထား၍ ဆက်သွယ်၍ မရခဲ့ပါ။

          ““ကျွန်တော်တို့ကို အမှုအပ်တာက ဦးတိက္ခဉဏပါ။ ဦးဝိသုဒ္ဓ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီဦးပဉင်းရဲ့ အကျိုးဆောင်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အမေရိကန်ကို သွားတာကလည်း အသနား သွားခံတာ မဟုတ်ဘူး။ ဟိုကဖိတ်လို့ပါ။ ပြီးတော့ ကုမ္ပဏီနဲ့ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး””ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း ကဆိုသည်။

The Messenger

No comments:

Post a Comment