အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စောင့်ကြည့် လေ့လာစရာ ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က The Messenger Media သို့ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ အဓိက ဆက်ဆံနေသော နိုင်ငံတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှု မရှိသော စီးပွားရေး လုပ်ငန်းများအရ နိုင်ငံအတွင်း အငြင်းပွားစရာ အခြေအနေများ ကြုံတွေ့နေရသည့် အတွက် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
“ဒီခရီးစဉ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်းကို ပြသမယ့် ခရီးစဉ်တစ်ခု ဖြစ်တယ်။ တရုတ်နိုင်ငံ အနေနဲ့ကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေးအရ အသုံး ချမှုတွေ ရှိတယ်။ ဒါတွေကို လူထုခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ရလဒ်တွေ ဖော်ဆောင် လာနိုင်မလဲ ကြည့်ရမယ်။ ကျွန်တော့် အမြင်ကတော့ ဒီခရီးစဉ်ဟာ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ ဘယ်လိုဆက်ပြီး လက်တွဲမလဲ ဆိုတာကို အဓိကထား ဆွေးနွေးတဲ့ တွေ့ဆုံမှုလို့ပဲ ယူဆတယ်””ဟု ဦးမင်းကိုနိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ရွေးချယ် တင်မြှောက် ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ လွှတ်တော် အတွင်း၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ တစ်ဦးလည်းဖြစ်သည်။
“ဒီခရီးစဉ်က ကျွန်တော်တို့နိုင်ငံကို တရုတ်နိုင်ငံ အနေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုတဲ့အခါမှာ ပြည်သူလူထုကို ပိုပြီးအကျိုး ရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမယ်လို့ မျှော်လင့်တယ်။ ဘာလို့လဲ ဆိုတော့ တရုတ်အစိုးရ အနေနဲ့က ကျွန်တော်တို့နိုင်ငံကို စီးပွားရေးအရ ဆက်ဆံတဲ့အခါမှာ သူ့အကျိုး စီးပွားကို ကြည့်တာက ပိုများတယ်။ လက်ပံတောင်းတောင်လို စီမံကိန်းတွေ၊ မြစ်ဆုံ စီမံကိန်းတွေ ဒါတွေက ပြည်သူက သိခဲ့တာမှ မဟုတ်တာ။ ဒါကြောင့် အခုတစ်ခေါက် သွားတဲ့ခရီးစဉ်က ကျွန်တော်တို့နိုင်ငံ အတွက် စီးပွားရေးအရ ပိုပြီး အကျိုးအမြတ် ရှိမယ်လို့ မျှော်လင့်ပါတယ်””ဟု NLD မှ CEC အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည် ခရီးစဉ်ကို ဇွန်လ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ဇွန်လ(၁၄) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့သည်။
The Messenger
No comments:
Post a Comment