၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်က ဒီမိုကရေစီအင်အားစုမှ အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးဘမြင့်၊ ဦးစိုးဇော်နှင့် ဦးဌေးအောင်တို့သည် လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်းသေဆုံးမှုအပေါ် အမှုမှန်ဖော်ထုတ်ပေးရန်နှင့် ၀မ်ပေါင်ကုမ္ပဏီအား မြန်မာနိုင်ငံမှထွက်သွားရန် မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းသို့ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဒဂုံတရားရုံးတွင် ၎င်းတို့သုံးဦးအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခု ဇွန် ၁၉ ရက်တွင် ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမိန့်ချမှတ်ရာတွင် ဒဂုံမြို့နယ်တရားသူကြီးက ဦးဘမြင့်၊ ဦးစိုးဇော်နှင့် ဦးဌေးအောင်တို့သည် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ပြစ်မှုထင်ရှားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် အလုပ်နှင့် ထောင်ဒဏ်လေးလစီကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့အမိန့်ချမှတ်ခံရသူများထဲတွင် ၆၉ နှစ်အရွယ်ရှိ ဦးဘမြင့်သည် မြို့တော်ခြောက်မြို့နယ်တွင် ဆန္ဒပြခဲ့သောကြောင့် ထောင်ဒဏ်တစ်နှစ်နှင့် ခုနစ်လချမှတ်ခံထားရသူဖြစ်ကာ ယခုလေးလထပ်ပေါင်းပါက တစ်နှစ်နှင့် ၁၁ လ ချမှတ်ခံထားရကြောင်း သိရသည်။
ထို့ပြင် ၎င်းအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသော မြို့နယ်များအနက် ကျောက်တံတားမြို့နယ်နှင့် အလုံမြို့နယ်တို့မှလည်း အမိန့်ချမှတ်ရန်ကျန်ရှိနေသေးကြောင်း သိရသည်။
Writer: မြင့်သူ
eleven
No comments:
Post a Comment