Saturday, June 13, 2015

တရုတ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု ဘယ်သူ့အကျိုးအမြတ်လဲ

13-6-2015

မေသင်္ကြန်ဟိန်(မြစ်မခ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ ဖိတ်ကြားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့ပြီး ထိတ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တယ်လို့ကြား သိရ ပါတယ်။

ဒီခရီးစဉ်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ တရုတ် သမ္မတ စီကျင်ပေး၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ၊ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး အဖွဲ့ရဲ့ အကြီးအကဲ တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်  တွေ့ဆုံပြီး မြန်မာ့အနာဂတ်ရေးအတွက်လည်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့လည်းကြား သိရပါ သေးတယ်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီက အန်အယ်ဒီပါတီရဲ့  စီအီးစီအဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ပြီး နှစ်ပါတီ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ် ဖြစ်ပေါ် လာခဲ့တာပါ။

ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ခေါင်းဆောင်တွေ့ဆုံစဉ်မှာ အန်အယ်ဒီပါတီအနေနဲ့ အိမ်နီးချင်းတွေ ဖြစ်ကြတဲ့တရုတ်အစိုးရနဲ့လည်း ဆက်ဆံရေး တိုးတက် လိုတဲ့ ပါတီရဲ့ သဘောထားကို ပြောဆိုခဲ့ပြီး မြန်မာပြည်အနာဂတ်အတွက် ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

တရုတ်အစိုးရအနေနဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်းက  စတင်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံ ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သော နိုင်ငံအနေနဲ့သာမက အရံငွေအများဆုံး နိုင်ငံဖြစ်လာခဲ့တဲ့အတွက် တရုတ်နိုင်ငံခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ စီးပွားရေးဆိုင်ရာဗျူဟာတွေကတော့ လေ့လာစရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက် လေ့လာခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကုလည်း လေ့လာခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တရုတ်အစိုးရက အစိုးရအရာရှိကြီးတွေရဲ့ လာဘ်စားမှုတွေကို ဖော်ထုတ်ပြီး အရေးယူနိုင် ခဲ့တဲ့အတွက် မြန်မာပြည်လို တရားဥပဒေမစိုးမိုးပဲ လာဘ်ပေးလာဘ်ယူများပြားလှတဲ့ နိုင်ငံအနေနဲ့ တော့ လေ့လာစရာလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တပ်မတော်အစိုးရလက်ထက်မှာ ဆက်ဆံရေးအထူးကောင်းမွန်ခဲ့ပြီး လက်ရှိမြန်မာ အစိုးရနဲ့လည်း ဆက်ဆံရေးကောင်းမွန်နေဆဲအချိန်မှာ ခုလို ဒီမိုကရေစီခေါင်းဆောင်တစ်ဦးကို တွေ့ဆုံခြင်းက ထူးခြားမှု ရှိတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ သုံးသပ်ပြောဆိုသူတွေလည်း ရှိပါတယ်။

အခုလိုအစိုးရအတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ဖိတ်ကြားတွေ့ဆုံခြင်းက လက်ရှိမြန်မာအစိုးရ အတွက် မခံချင်စရာအနေအထားမျိုးဖြစ်ပြီး ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစု ကြည်ကို ခေါ်ယူတွေ့ဆုံတာဟာ စဉ်းစားစရာဖြစ်တယ်လို့လည်း နိုင်ငံရေးကျွမ်းကျင်သူတွေဆီက သုံးသပ်သံတွေလည်း ကြားရပါတယ်။

မြန်မာအစိုးရနဲ့ တရုတ်အစိုးရ အကြား ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဖုအထစ်တွေ ရှိနေ ချိန်၊ အထူးသဖြင့် မြန်မာအစိုးရက တရုတ် နယ်စပ်မှာ ထိုးစစ်ဆင်နေချိန်နဲ့ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက် ပွဲ နီးလာချိန်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံတကာကရော ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်းမှာပါ စိတ်ဝင်စား နေကြတယ်လို့ နိုင်ငံတကာ သတင်းတွေမှာသုံးသပ်ရေးသားထားကြာတာလည်း တွေ့မြင်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကနေတရုတ်အတွက် အကျိုးအမြတ်တွေ ရှိနိုသလို၊ အန်အယ်ဒီပါတီ အတွက်လည်း တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်းတဲ့ အကျိုးအမြတ် ရှိနိုင်တယ်လို့ သုံးသပ်နေတာ တွေလည်း ကြားသိရပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ထား စဉ်က အခိုင်အမာထောက်ပံ့ပေးခဲ့တဲ့အပြင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

တရုတ်အစိုးရအနေနဲ့လည်း မြန်မာပြည်ဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်နေတဲ့အပြင် ရင်းနှီးမြှုပ်နှံ မှုများစွာပြုလုပ်ထားတဲ့အတွက် တရုတ်အစိုးရအနေနဲ့ခေတ်ဆက်ဆက် မြန်မာအစိုးရနဲ့ အဆင်ပြေစေရေးကို လိုလား ပုံရတဲ့အတွက် အစိုးရဖြစ်လာနိုင်သူတွေနဲ့ ဆက်ဆံရေးတည်ဆောက်နေခြင်း ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆို နေကြပါတယ်။

ဒီခရီးစဉ်ဟာ တရုတ်အစိုးရအတွက် အကျိုးအမြတ်ရှိစေမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီအတွက် ဘယ်လိုအကျိုးအမြတ်ရှိလာမလဲ ဆိုတာကိုလည်း မြန်မာအစိုးရအပြင် အနောက်နိုင်ငံနဲ့ ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ ခရီးစဉ်ပဲဖြစ်ပါတယ်။

မြစ်မခ

No comments:

Post a Comment