မျိုးမင်းဦး
Mon, 2015-07-13
စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ကွမ်းစိုက်တောင်သူတစ်ရာကျော်အား နစ်နာကြေးအဖြစ်လျော်ကြေးငွေကျပ် သိန်းငါးရာကျော်အား စီမံကိန်းလုပ်ကိုင်နေသည့် မြန်မာ-ယမ်စီ ကုမ္ပဏီက ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၁၁ ရက်က အဆိုပါ ကုမ္ပဏီတွင်ကျင်းပသည့် ကွမ်း စိုက်တောင်သူ ၁၂၂ ဦးအားနစ်နာကြေးပေးအပ်ပွဲသို့ ဆားလင်းကြီး မြို့နယ် ရွာသာကျေးရွာနှင့် ငါးတည်းစုကျေးရွာမှကွမ်းစိုက်တောင်သူ ၁၂၀ ဦးတက်ရောက်၍ နစ်နာကြေးယူခဲ့ကြောင်း သိရသည်။
နစ်နာခဲ့သော ရွာသာကျေး ရွာနှင့် ငါးတည်းစုကျေးရွာမှကွမ်း စိုက်တောင်သူ ၁၂၀ ဦး၏ ကွမ်း ပင်စုစုပေါင်း ၁၆၇,၇၆၇ ပင် အ တွက် လျော်ကြေးငွေစုစုပေါင်း ကျပ် ၅၈,၅၇၇,၅၁၂ ကို နစ်နာကြေးပေးလျော်ခဲ့ခြင်းဖြစ်သည်။
‘‘ပြီးခဲ့တဲ့ ၂၀၁၃ တုန်းက ကွမ်းတစ်ပင်ကျပ်တစ်ထောင်နှုန်း အထိ တောင်းဆိုခဲ့တာ။ ကုမ္ပဏီ ဘက်က ၅၂ ကျပ်နှုန်းနဲ့လျော်ခဲ့ တာ။ယူတဲ့တောင်သူလည်းရှိသလို မယူတဲ့တောင်သူလည်းရှိတယ်။ တောင်သူတွေနဲ့ ကုမ္ပဏီညှိနှိုင်း ရင်းနဲ့ စီမံကိန်းနယ်မြေအတွင်း စည်းသတ်မှတ်ပြီး စည်းအတွင်း ကျတဲ့ကွမ်းခြံတွေက တစ်ပင်ကို ၂၆၀ ကျပ်၊စည်းအပြင်ဘက်က ကွမ်းခြံတွေက တစ်ပင်ကို ၂၁၀ ကျပ်နဲ့ နစ်နာကြေးပေးခဲ့တာ။အခု ပေးတဲ့နစ်နာကြေးကို တောင်သူ အားလုံး လက်ခံခဲ့တယ်’’ဟု ကွမ်းစိုက်တောင်သူ ကိုအောင်ဇော်ထွေး ကပြောသည်။
ကွမ်းစိုက် တောင်သူနှစ် ဦး၏ ကွမ်းပင် ၆,၆၁၂ ပင်အတွက် နစ်နာကြေး ၁,၁၈၅,၂၉၆ ကျပ် ပေးလျော်ရန် ကျန်ရှိနေသေးသည် ဟုဆိုသည်။‘‘တောင်သူတွေ အနေနဲ့ ကြေးနီလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက် ပျက်စီးမှုမရှိအောင်ဆောင်ရွက်ကြဖို့ ကုမ္ပဏီကိုတိုက်တွန်းခဲ့တယ်။ ကုမ္ပဏီဘက်ကလည်းနှုတ်ကတိနဲ့အာမခံခဲ့တယ်။ အရင်ကွမ်းပင်နစ်နာကြေး ၅၂ ကျပ် ယူတဲ့သူတွေကတော့ လက်ရှိနစ်နာကြေးထဲက နုတ်ပြီးပေးတယ်’’ဟု ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
7 Days
No comments:
Post a Comment