Tuesday, July 14, 2015

တရုတ်ကြီးနဲ့ ထုပ်ဆီးတိုးခြင်း

အမေရိကအလယ်ပိုင်း မက္ကဆီကို ဒေသမှာဘဲ ရှေးဟောင်းမျိုးနွယ်စုတွေဖြစ် တဲ့ အဇက်တီလူမျိုးတွေ နေထိုင်ကြပါတယ်။ သူတို့ရဲ့ ဒဏ္ဍာရီထဲမှာတော့ အဖြူရောင် ထဲကနေ ဘုရားတစ်ဆူ ရောက်လာမယ်။ ဒီဘုရားဟာ သူတို့အတွက် ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းမှုကို သယ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ တစ်ချိန်မှာတော့ အ သားဖြူတဲ့ စပိန်တွေဟာ သူတို့ဆီကို ရောက် လာခဲ့ပါတယ်။ သူတို့ဟာ စပိန်တွေကို သူတို့ ဒဏ္ဍာရီထဲက လူတွေလို့ ယုံကြည်ခဲ့ပြီး ငြိမ်း ချမ်းရေးကို လိုလားတဲ့ မွန်တီးဇူးမားဘုရင်က ကားဘီးအရွယ် ရွှေပန်းကန်ပြားတစ်ချပ်၊ ရွှေစေ့တွေနဲ့လုပ်ထားတဲ့ ဦးထုတ်တစ်လုံး။ ရွှေပန်းကန်အချပ် ၂ဝ၊ ယစ်ပူဇော်ရာမှာ သုံးတဲ့ တာကွိုက်နဲ့ ရွှေဝတ်စုံနှစ်ထည် စတာ တွေကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့ပါ တယ်။

ဒါပေမဲ့ ဒါဟာစပိန်တွေရဲ့ မရောင့်ရဲ နိုင်တဲ့ အလိုရမ္မက်ကြီးမှုကို အားပေးသလို ဖြစ်သွားခဲ့ပါပြီ။ သူတို့ဟာ မွန်တီဇူးမားဘုရင် ကို ဖမ်းလိုက်ကြတယ်။ ပြီးတော့ သူ့ကို ဓား စားခံလုပ်ပြီး ရွှေဒင်္ဂါးအပြား ၁၃ သန်း ပေး ရမယ်လို့ ငွေညှစ်တောင်းဆိုခဲ့ပါတယ်။ ဒါတွေရတော့လည်း စပိန်တွေက အားရ ကျေနပ်မှုရှိသေးတာ မဟုတ်ပါဘူး။ သူတို့ ဟာ အထွဋ်အမြတ်ထားတဲ့ ဝတ္တကမြေတွေ ကနေ ရသမျှ ရွှေတွေကို အဓမ္မသိမ်းယူခဲ့ ကြပြန်တာပါ။ ဒါပေမယ့် စပိန်တွေဟာ အဇက်တီတွေရဲ့ အခိုင်အမာယုံကြည်မှုနဲ့ ခုခံခြင်းကို ခံလိုက်ရပြီး တပ်လန်ပြေးခဲ့ရပါ တယ်။ ၁၅၂၁ ခုနှစ်မှာတော့ စပိန်တွေဟာ ဒီနေရာကို နောက်ထပ်တစ်ကြိမ် ပြန်ရောက် လာခဲ့ပြီး ၇၅ ရက်တိုင်အောင် သွေးချောင်း စီးစစ်ပွဲကြီး ဆင်နွှဲအပြီးမှာ အဇက်တီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါ တယ်။

ဘာပဲဖြစ်ဖြစ် သူတို့ရလိုက်တာက ဘာ မှမရှိဘဲ ဗလာဖြစ်တဲ့ မြို့ကြီးတစ်မြို့သာပါ။ များပြားလှတဲ့ ရတနာတွေဟာ ဘယ်မှာရှာ ရမှန်း မသိအောင် လျှို့ဝှက်စွာ ပျောက်ဆုံး နေခဲ့ပြီး၊ ယနေ့တိုင်အောင် ဒီရတနာတွေ ဘယ်မှာရှိနေတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ တာပါဘူး။ မြန်မာနဲ့တရုတ်နိုင်ငံကတော့ စပိန်နဲ့ အဇက်တီတွေလို မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံ တွေ အချောင်ဝင်နှိုက်လို့ရတဲ့ နိုင်ငံတစ်နိုင်ငံ အနေအထားမှာ နှစ်ပေါင်းများစွာ ရပ်တည် လာခဲ့ပါတယ်။ ဒီလို ဝင်နှိုက်လို့ရတာက လည်း ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အပြစ်လို့ အားလုံး ကို သူတို့အပေါ် အပြစ်ပုံချလို့ မရပါဘူး။ ဒီလိုဝင်နှိုက်ခံရတာက ကိုယ့်နိုင်ငံ ကိုက ဝင်နှိုက်တာခံထားလို့ပါ။ မြန်မာပြည် မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ အစိုးရ တွေ နှစ်ပေါင်းများစွာ အုပ်ချုပ်လာပြီးတဲ့ နောက်မှာ မြန်မာတွေရဲ့ စိတ်ဓာတ်မှာ အ ကြောက်တရားနဲ့ တစ်ကိုယ်ကောင်းဆန် စိတ်တွေဟာ အမြစ်တွယ် အသားကျလာခဲ့ ပါတယ်။ ဒီကပေါက်ဖွားလာတဲ့ အသီးအပွင့် တွေကတော့ နေသာသလို နေတတ်မှု၊ တာ ဝန်မဲ့မှု၊ အထက်လူကြီး မပြောရင် ဘာတစ် ခုမှ မလုပ်တတ်မှုတွေနဲ့အတူ အထက်က ပြောရင် မှန်မမှန် မစဉ်းစားဘဲ အဓိပ္ပါယ်မရှိ တာကိုပါ လိုက်လုပ်ခဲ့ကြတာပါ။

ဦးနေဝင်းလက်ထက်က အနုပညာရှင် တွေနဲ့ပတ်သက်တဲ့ အခမ်းအနားတစ်ခုမှာ ''ဦးသုခလည်း မတွေ့ပါလား'' ပြောမိတာနဲ့၊ သူ့အောက်က လူတွေက ဦးသုခ အိမ်ကို သွားပြီး ဦးသုခကို သွားခေါ်လာပါတယ်။ အဲဒီ့အချိန် ဆရာကြီး ဦးသုခက နေမ ကောင်းပါဘူး။ သူတို့ခေါ်တာကလည်း တရားခံကို လာဖမ်းတဲ့ပုံစံမျိုး။ ဟိုရောက် လို့ ဦးနေဝင်းက ''ဦးသုခ...ရောက်လာပြီ လား၊ ကျုပ်တောင် မတွေ့လို့ မေးနေသေး တယ်'' ဆိုမှ ဒီလူတွေက မျက်နှာလိုမျက်နှာ ရနဲ့ ဦးသုခကို ဝိုင်းတွဲကြတယ်လို့ ဆိုပါတယ်။ ဒီလိုလူတွေနဲ့ အသားကျပြီး ဒီလိုလူတွေ ခေါင်းဆောင်ဖြစ်လာတဲ့ခေတ်မှာ မြန်မာနိုင်ငံ ဟာ ခြတွေကြားထဲသွားချထားတဲ့ စာအုပ် ဘီဒိုတစ်လုံးလို ရစရာမရှိအောင် ပျက်စီး သွားခဲ့ပါပြီ။

ငါ အာဏာရတဲ့အခိုက် တိုင်းပြည်ကို ကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ လူတွေပေါ်မလာဘဲ၊ ငါအာဏာရတဲ့အခိုက် ငါ့အတွက် ဘာတွေ လုပ်နိုင်မလဲဆိုတဲ့ လူတွေ ပဲပေါ်ခဲ့ပါတယ်။ တိုင်းမှူးဆိုသူတွေဟာ သူ အုပ်ချုပ်နေတဲ့ တိုင်းထဲမှာ မြေတွေခြံတွေယူ၊ သူတို့အိတ်ထဲ ငွေတွေအပုံလိုက် ထည့်ပေး နိုင်သူတွေကို လုပ်ပိုင်ခွင့်တွေပေး၊ သက်ဆိုင် ရာ အောက်လက်ငယ်သားတွေကျတော့ ဒီ မြေနဲ့ ခြံတွေကို ရှင်းရာမှာ အိမ်ကနွားကို ခိုင်းသလို ခိုင်းခဲ့ကြပြီး နောက်ဆုံးမှာသူတို့ ဓနအင်အား သူတို့စီးပွားရေးလုပ်ငန်းနဲ့ သူတို့ ပိုင်ဆိုင်မှုတွေကိုဘဲ ချဲ့ထွင်သွားကြပါတယ်။ ဒီလို ချဲ့ထွင်ရင်း တပည့်တပမ်းတွေနဲ့ သြဇာ သက်ရောက်မှု၊ ပိုင်ဆိုင်မှုတွေ ပြိုင်ကြရာက တချို့နောက်မှာ ကျန်ရစ်ခဲ့တာတောင် သူတို့ ပိုင်ဆိုင်မှုတွေကတော့ မပြိုကွဲသွားခဲ့ပါဘူး။ နောက်မှာ ကျန်ခဲ့သူတွေကတောင် ပိုင်ဆိုင် မှုတွေ မပြိုကွဲခဲ့ဘူးဆိုတော့ ရှေ့ကို ရောက် သွားတဲ့လူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ဓနအင်အား တွေဟာ ဘယ်လောက်ဆိုတာ ပြောပြလို့ တောင် မရတော့ပါဘူး။

ခေါင်မိုးက မလုံတော့ ကျီးအက်တွေက ပါ ပေါက်ပြဲလာလိုက်တာ နောက်ဆုံးမိုးဒဏ် ခံရတာက ပြည်သူတွေပဲ ဖြစ်လာခဲ့ပါပြီ။ ဒီလို အခြေအနေမှာ မြန်မာပြည်ရဲ့ အနေအထား က ပစ္စည်းတွေသာရှိပြီး အကျင့်မကောင်းတဲ့ ပထွေးနဲ့ တွေ့ရာ ကောက်ရောင်းနေတဲ့ လင်ပါသားတွေကြီးစိုးနေတဲ့ အိမ်ပျက်ကြီးလို ဖြစ်လာခဲ့ပါတယ်။ ပထွေးကလည်း ရသမျှယူ၊ လင်ပါသားတွေကလည်း တွေ့သမျှရောင်း စား၊ တန်ဖိုးနားမလည်တော့ သူခိုးဈေးနဲ့လာ ဝယ်နေတဲ့ စီးပွားရေးသမားတွေကလည်း များ၊ လစ်ရင်လစ်သလို ဝင်ခိုးနေတဲ့ အိမ်နီး နားချင်းတွေကလည်းပေါ၊ ဥပဒေဆိုတဲ့ အမေ အရင်းကလည်း ဂီလာနနဲ့ဆိုတော့၊ သားရင်း သမီးရင်းနဲ့တူတဲ့ ပြည်သူတွေသာ နောက်ဆုံး ဒုက္ခရောက်ခဲ့ရတာပါ။ ဒီကြားထဲ ပထွေးလုပ် သူက အိမ်နီးနားချင်းနဲ့ စီးပွားရေးသမားတွေ ကို လိုအပ်တာထက် အိမ်ထဲခေါ်သွင်းပြီး ရှိသမျှပစ္စည်းတွေကို ဈေးပေါပေါနဲ့ ပေးနေ လိုက်တာ၊ အိမ်ကြီးနဲ့ အနာဂတ်ဟာ အစစ အရာရာ ယိုယွင်းပျက်စီးလာခဲ့ပါပြီ။

ဒီနေရာမှာ စီးပွားရေး သမားကတော့ စီးပွားရေးသမားပါပဲ။ သူ့အတွက် အကျိုးရှိ မယ်ဆိုရင် ဒီအိမ်ကြီးဖျက်ယူရလည်း သူ့အ ဖို့က ဖျက်ယူဖို့အဆင်သင့်ပါပဲ။ ဒီနေရာမှာ သူခိုးကလည်း သူခိုးပါပဲ။ သူ့အတွက် ခိုးလို့ ရရင် ရသမျှကိုတော့ ဝင်ခိုးနေဖို့ သူစဉ်းစား မှာပါ။ ဒီအတွက် စီးပွားရေး သမားနဲ့သူခိုးကို အပြစ်ပြောရင် မှားသွားပါပြီ။ ကိုယ့်အိမ်ကြီး ကို မထိန်းသိမ်းနိုင်တာ အဖေအရင်းနဲ့တူတဲ့ အစိုးရ၊ ညီအစ်ကိုရင်းနဲ့တူတဲ့ တိုင်းပြည်ဝန် ထမ်းတွေ၊ ကျန်းမာရေးကောင်းတဲ့ အမေနဲ့ တူတဲ့ တရားဥပဒေစိုးမိုးမှုတွေ မရှိလို့သာ ဒီလိုဖြစ်နေခဲ့တာပါ။

တရုတ်တွေကတော့ ကမ္ဘာပေါ်မှာ စီး ပွားရေးကော၊ စစ်ရေးမှာပါ ရှေ့တန်းရောက် ခဲ့တာဟာ ဘယ်သူကမှ လက်မခံလို့ မရ တော့ပါဘူး။ ကမ္ဘာပေါ်မှာ မြန်မာမရှိတဲ့ နေရာသာ ရှိမှာဖြစ်ပေမယ့် တရုတ်မရှိတဲ့ နေရာမရှိပါဘူး။ တလောကပဲ တရုတ်တွေ ဟာ အထပ် ၅၇ ပါတဲ့ အဆောက်အဦကို ၁၉ ရက်နဲ့ ဆောက်သွားတယ်ဆိုပေမယ့် မြန်မာတွေကတော့ ရေနှုတ်မြောင်းတစ်ခု တောင် ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ ရေနှုတ်မြောင်းဆိုတာ အုတ်နဲ့ ဘိလပ်မြေရှိ ရင် လုပ်လို့ရတယ်လောက်သာသိပြီး ရေနှုတ် မြောင်းဆိုရာ မိုးရွာရင် ရေဆင်းပြီး၊ မိုးတိတ် ပြီးတာနဲ့ ရေမရှိအောင်လုပ်ရမယ် ဆိုတာ တော့ မသိကြဘူး။ မြန်မာတွေဟာ နှစ်ပေါင်း များစွာ ပြီးစလွယ်လုပ်လာတော့ ဘာကိုမှ သေသေချာချာ မလုပ်ချင်ကြတော့ဘူး။ လက်နက်တောင် တရုတ်က ဝယ်ရတာဆို တော့ ပြောဖို့မှမလိုတော့တာ။ ဘာပဲဖြစ်ဖြစ် ဝန်ကြီးတစ်ယောက် ပြောသလို တရုတ် ကျေးဇူးရှိတယ်၊ တရုတ်ကိုလည်း ကြောက် ရသေးတယ်ဆိုတာတော့ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် နဂိုကတည်းကိုက စီးပွားရေးအရကော စစ်ရေးအရပါ မြန်မာ နိုင်ငံဟာ တရုတ်အတွက် အရေးပါခဲ့ပါ တယ်ဆိုတော့ တရုတ်အဖို့ မြန်မာပြည်က အမြတ်ရချင်တာတော့ သေချာပါတယ်။ ရေနံ၊ ကျောက်မီးသွေး၊ ကျောက်စိမ်း၊ သဘာဝဓါတ်ငွေ့၊ ကြေးနီ၊ သစ်တွေကအစ၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ကျောက် ဖြူကူမင်း ဂက်စ်ပိုက်လိုင်းပါမက၊ ကျောက် ဖြူကူမင်း မီးရထားလမ်းပါလုပ်ဖို့ စီမံချက် တွေရှိထားတာ မဟုတ်လား။ ဒါပေမဲ့ လော လောဆယ်မှာ ကျောက်ဖြူကူမင်းရထား လမ်းနဲ့ မြစ်ဆုံစီမံကိန်းက ရပ်ထားရတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ပြဿနာတွေ တက်နေခဲ့တယ်။ ဒီထဲမှာပဲ မြန်မာပြည်ထဲကို သစ်ဝင်ခိုးနေတဲ့ တရုတ် လူမျိုးတွေနဲ့ သစ်ကား ၄ဝဝ ကျော်ကို ဖမ်း မိသွားတဲ့အတွက် တရုတ်ဘက်က အတော် ပဲ နစ်နာသွားတာပါ။ သူ့လူတွေကို ဥပဒေ အရနဲ့ သက်သက်ညှာညှာလုပ်ပေးဖို့ တောင် မြန်မာအစိုးရကို လှမ်းပြောခဲ့သေး ပါတယ်။

အစိုးရက လိုက်လျောချင်ပြီး ပြည်သူ တွေက မလိုက်လျောတာကများတော့ ဆူပူ မှုဖြစ်ရင် သုံးဖို့ဆိုပြီး ရေအမြောက်ကား တွေတောင်မှ လက်ဆောင်ပေးခဲ့ပါသေး တယ်။ ဒါပေမဲ့ တရုတ်မီဒီယာကနေ ပျောက် ကွယ်နေတဲ့ ဖုန်ကြားရှင်ကို ပွဲထုတ်လိုက်ပါ တယ်။ ဒီလိုပွဲထုတ်ပြီး မရှေးမနှောင်းမှာ ဖုန်ကြားရှင်အဖွဲ့ဖြစ်တဲ့ ကိုးကန့်တွေနဲ့ တိုက်ပွဲဖြစ်လာခဲ့တယ်။ မြန်မာဘက်က တရုတ်အစိုးရကနေ ဖုန်ကြားရှင်ကို အကူ အညီပေးတယ်လို့ စွပ်စွဲပေမယ့် တရုတ်က တော့ ငြင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာပဲ တရုတ်ပြည်ပိုင်နက်ထဲကို မြန်မာလေယာဉ် တွေက ပစ်လိုက်တဲ့ ဗုံးကြောင့် တရုတ်လူ မျိုး ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရာတာနဲ့ ပတ်သက်ပြီး၊ ဗုံးကျမှုဖြစ်စဉ် ထပ်မံဖြစ်ပွား ပါက ပြတ်ပြတ်သားသား တုန့်ပြန်သွားမဲ့ အကြောင်း တရုတ်ဝန်ကြီးချုပ် လီကားချန် က ပြောကြားသွားခဲ့ပါတယ်။ တစ်ဆက် တည်းမှာ တရုတ်မြန်မာနယ်စပ်မှာလည်း စစ်သည် အင်အားချထားခဲ့ပြီး လေယာဉ် တွေပါ စောင့်ကြပ်စေခဲ့ပါတယ်။ မြန်မာ ဘက်ကတော့ ဒီဗုံးဟာ ¤င်းတို့လေယာဉ်က ဗုံးမဟုတ်ဘဲ ကိုးကန့်တွေ တမင်လုပ်တာလို့ လည်း ပြောခဲ့ပေမယ့် သေဆုံးသူတွေအ တွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၁ဝဝဝ ကျော် လျော်ကြေးပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီပြဿနာတွေရဲ့ ဇစ်မြစ်တွေ ဟာ ဘယ်ကစခဲ့တာလည်း စဉ်းစားဖို့လို လာပါပြီ။ တစ်နိုင်ငံလုံး စီးပွားရေး လက်ဝါး ကြီးအုပ်ထားတဲ့ အပြင် သစ်တွေကို ခိုးလို့ ရတုန်းက ငြိမ်နေပြီး၊ သစ်ကားအစီး ၄ဝဝ ကျော်နဲ့ သူ့လူတွေဖမ်းလိုက်တော့မှ ဒီပြဿ နာတွေဖြစ်လာခဲ့တာ သိပ်တော့ သဘော ကျစရာမကောင်းဘူးပေါ့။ တရုတ်တွေက စပိန်တွေမဟုတ်သလို၊ မြန်မာတွေကလည်း အဇက်တီတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ မွန်တီ ဇူးမားနဲ့တူတဲ့ အုပ်ချုပ်သူတွေဟာ တရုတ် တွေပေါ် လိုအပ်တာထက် ပိုမိုလိုက်လျော ခဲ့တာဟာ သူတို့ရဲ့ လောဘကို ပိုပြီး ချဲ့ထွင် ပေးရာများ ကျနေမလားဆိုတာလည်း သက်ဆိုင်ရာကပဲ အမြော်အမြင်ကြီးကြီး စဉ်းစားရပါလိမ့်မည်။

(နေသစ်နီ)

No comments:

Post a Comment